Connect with us

Agriculture

စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန ၁၈ လအတွင်းအပြီးတည်ဆောက်မည်ဟုဆို

ကောက်စိုက်နေသည့် လယ်သူမများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံတွင် ပထဆုံးဖြစ်သည့် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနကို နေပြည်တော၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တွင် စတင်တည်ဆောက်လျက်ရှိပြီး ၁၈ လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဆင်ဟွာသို့ ဇန်နဝါရီ ၂၈ ရက်တွင်ပြောကြားသည်။

“စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနကို ကျွန်တော်တို့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ပန္နက်တင်မင်္ဂလာအခမ်းအနား လုပ်ခဲ့တယ်။ ၁၈ လ အတွင်းအပြီးတည်ဆောက်မှာပါ။ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအတွက်စိုက်ပျိုးရေး ဈေးကွက်သစ်ရှာဖွေရေးနဲ့ ဈေး ကွက်စီးဆင်းမှု မြန်ဆန်ဖို့အတွက် ဆောင်ရွက်တာဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။

ထို့ပြင် ရှမ်းပြည်နယ် ဟဲ ဟိုးမြို့နယ်တွင် စိုက်ပျိုးရေးဆိုင် ရာထုတ်ကုန် ပြုပြင်ရေးဌာနကို တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းဌာနနှစ်ခုအားချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

“နေပြည်တော်မှာ သီးနှံတွေကို ထုတ်ပိုးပြုပြင်မယ့်လုပ်ငန်းတွေ၊ အအေးခန်းတွေနဲ့ သိုလှောင်သိမ်းဆည်းတဲ့ လုပ်ငန်းတွေ၊ လက်လီအရောင်းဆိုင်တွေပါမယ်။ အဲလိုတည်ဆောက်နေတုန်း တောင်သူလယ်သမားအစုအဖွဲ့တွေ အားကောင်းဖို့ နည်းပညာပေးတဲ့ လုပ်ငန်းတွေ၊ ပေါင်းစပ်ညှိနှိုင်းတဲ့လုပ်ငန်းတွေ ကိုဆောင်ရွက်ဖို့ရှိပါတယ်။

နေပြည်တော်မှာ ဟင်းသီးဟင်းရွက်တွေ၊ ဂျင်း၊နနွင်း ကန်စွန်းဥ စတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို ဦးစားပေးပြီးဆောင်ရွက်မယ်။ ဟဲဟိုးမှာကတော့ အာလူး ကို အဓိကဆောင်ရွက်မယ်။ အဲဒီနှစ်ခုကို ဈေးကွက် ချိတ်ဆက်ဆောင်ရွက်မယ်။ တောင်သူတွေက ရောင်းချမယ်။ ဝယ်သူတွေကလည်း ဝယ်လို့ရမယ်။ ရန်ကုန်-မန္တလေး ဈေးကွက်ကိုလည်း တင်ပို့ရောင်းချတဲ့ လုပ်ငန်းကို လုပ်မယ်။ ထုတ်ပိုးမှုပုံစံ၊ အရည်အသွေးစံချိန်စံညွှန်းတွေကို လည်းဆောင်ရွက်မယ်။’’ဟု ၎င်းကဆက်ပြောသည်။

ထိုသို့ စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနတည်ထောင်ခြင်းအားဖြင့် တောင်သူ လယ်သမားများကိုယ်တိုင် ဈေး နှုန်းညှိနှိုင်းဆောင်ရွက်နိုင်ခြင်း နှင့် ဈေးကွက်ဌာန များမှတစ်ဆင့် ၎င်းတို့အတွက် ဈေးကွက်သတင်း အချက်အလက်ပံ့ပိုးခြင်းတို့အားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)