Connect with us

Culture & Entertainment

ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းရက် ပြိုင်ပွဲ ကျင်းပ


ရန်ကုန် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

ရွှေတိဂုံစေတီတော်တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော (၃၃)ကြိမ်မြောက် မသိုးသင်္ကန်းရက် ပြိုင်ပွဲကို နိုဝင်ဘာ ၂ ရက် (တန်ဆောင် မုန်းလဆန်း ၁၄ ရက်-အဖိတ်နေ့ည)တွင် စေတီတော်အောင်မြေ၌ ကျင်းပလျှက် ရှိကြောင်း သိရသည်။

ယခု ကျင်းပသည့် မသိုးသင်္ကန်းရက် ပြိုင်ပွဲတွင် အသင်း ၉ သင်းပါဝင်၍ ယှဉ်ပြိုင်ကြကြောင်း သိရသည်။သင်္ကန်းရက်ပြိုင်ပွဲကို ည ၉ နာရီအချိန်တွင် ရပ်တန့်၍ ပညာရှင်များက တိုင်းတာ စစ်ဆေးခြင်းများပြုသွားမည်ဖြစ်ပြီး ဆု ပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ထိုပြိုင်ပွဲဝင် အသင်း များမှာ ဗုဒ္ဓဂုဏ်ရောင်ဆွမ်းတော်ကပ် ဝတ်အသင်း (မြရတနာစင်တော်)၊ စေတနာရှင် ဆွမ်းတော်ကပ်အသင်း (မဟူရာ ရတနာစင်တော်)၊ သီရိသုခဝတ် အသင်း(ပုလဲရတနာ စင်တော်)၊ ဓမ္မ ဂုဏ်ရောင်ဝေယျာဝစ္စအသင်း(ဥဿဖရား ရတနာစင်တော်)၊ တနင်္ဂနွေ (ညနေ) သန့်ရှင်းရေး အသင်း (ပတ္တမြားရတနာစင်တော်)၊ အင်္ဂါသမာဓိ သန့်ရှင်းရေး အသင်း (ကျောက်စိမ်းရတနာ စင်တော်)၊ မေတ္တာပါရမီ ဆွမ်းတော်ကပ်နှင့် တံမြက် လှည်းအသင်း (စိန်ရတနာစင်တော်)၊ ရွှေသစ္စာသာသနာပြုအသင်း (နီလာ ရတနာစင်တော်)၊ တနင်္လာသန့်ရှင်းရေး အသင်း (သန္တာရတနာစင်တော်) တို့ ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော (၃၃)ကြိမ်မြောက် မသိုးသင်္ကန်းရက် ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

မသိုးသင်္ကန်းရက် ပြိုင်ပွဲတွင် ပထမဆုအဖြစ် ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုအဖြစ် ငွေကျပ် ရှစ် သိန်းငါးသောင်း၊ တတိယဆုအဖြစ် ငွေကျပ် ခုနစ်သိန်း၊ စတုတ္ထဆုအဖြစ် ငွေကျပ် ငါးသိန်း၊ ကျန်ငါးသင်းကို နှစ်သိမ့် ဆုများအဖြစ် ငွေကျပ် လေးသိန်းစီ ချီးမြှင့်မည်ဖြစ်ပြီး ဆုရသူအားလုံးကို ငွေဖလားတစ်လုံးစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များကိုပါထပ်မံ၍ ချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117