Connect with us

Environment, Disasters & Accidents

မြစ်ဝကျွန်းပေါ်ဒေသများတွင် မုတ်သုံဝင်ရောက်သော်လည်း တည်ငြိမ်မှုမရှိသေး ၊  ဇွန် ၁၀ ရက်တွင် တစ်နိုင်ငံလုံးသို့ မုတ်သုံဝင်ရောက်နိုင် ဟုဆို

ထီးဖြင့်သွားလာနေသူတစ်ချို့ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

မုတ်သုံသည် မြစ်ဝကျွန်းပေါ်ဒေသများ သို့ မေ ၃၀ ရက်တွင် ဝင်ရောက်ခဲ့သော်လည်း မုတ်သုံအားနည်း၍ တည်ငြိမ်မှုမရှိသေးကြောင်း၊  တစ်နိုင်ငံလုံးသို့ မုတ်သုံဝင်မည့်အနေအထားတွင် အနောက်ဘက်မှ လာသော လေစီးကြောင်းများကြောင့် မုတ်သုံတန့် လျက်ရှိသည့် အနေအထား တွင်ရှိကြောင်း၊ မြန်မာတစ်နိုင်ငံလုံးသို့ ဇွန် ၁၀ ရက်တွင် မုတ်သုံဝင်ရောက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးဦးလှထွန်းက ပြောသည်။

ဦးလှထွန်းက “လက်ရှိမှာ မုတ်သုံက မြစ်ဝကျွန်းပေါ်ဝင်ပြီ၊ဒါပေမယ့်  မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းက စောင့်ရဦးမယ်။ မုတ်သုံက စဝင်ကတည်းက အားနည်းနည်းလေးနဲ့ ဝင်လာတဲ့ အနေအထားဖြစ်လို့ မုတ်သုံက တုန့်နှေးလျက်ရှိတယ်။ နောက်ပြီးတော့ မုတ်သုံ ကတန့်နေရတာက အနောက်ဘက်ကလေစီးကြောင်းတွေကြောင့် မုတ်သုံတန့်နေတာမျိုးလည်း ဖြစ်တယ်။ အဲ့နောက်ဘက်ကလေ တွေရှိတော့  မုတ်သုံလေ က မတိုး နိုင်တော့ဘူး’’ ယနေ့ဇွန် ၂ ရက်တွင် ဆင်ဟွာသို့ ပြောသည်။ 

မုတ်သုံဝင်သည့် မြစ်ဝင်ကျွန်းပေါ်ဒေသများတွင်လည်း မုတ်သုံ အားနည်းနေသည့်အတွက် မိုးနည်းလျက်ရှိကြောင်း ၎င်းက ဆိုသည်။ “မြစ်ဝကျွန်းပေါ်နေရာ တွေ မှာ မုတ်သုံအားနည်းတော့ မိုးက ပြတ်တောင်းပြတ်တောင်းဖြစ်နေတယ်။ မုတ်သုံဝင်ပေမယ့် ထစ်ချုန်း တဲ့ အခြေအနေ တွေ မိုးကြိုးပစ်တာ တွေ ဖြစ်နေတုန်းပဲ။မုတ်သုံ ညံ့တဲ့ နှစ် ဖြစ်တယ်။  မုတ်သုံဝင်စမှာ မုန်တိုင်းနဲ့ ဝင်တာ မုန်တိုင်းအရှိန်ကြောင့် မုတ်သုံက အားပါလာပြီး မုန်တိုင်းက ကုန်းပေါ်ဝင်ပြီးပျောက်သွားရော၊ မုတ်သုံက အားပြန်ကျသွားရော။ မုတ်သုံက ဝင်ဖို့ရာ ခဲယဉ်းသွားရော။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ 

နောက် ၂ ရက်အတွင်း မုတ်သုံအားနည်းသည့် အတွက် မိုးဦး နှင့် မိုးလယ် တွင် မိုးရွာသွန်းမှု အားနည်းနိုင်ကြောင်း၊ မြန်မာနိုင်ငံ တောင် ပိုင်း နှင့်မြစ်ဝကျွန်းပေါ်ဒေသများတွင်  မိုးညံ့နိုင်ကြောင်း နှင့် မုတ်သုံဝင်သည့် ဒေသများတွင်လည်း မုတ်သုံ တည်ငြိမ်မှု မရှိသေးကြောင်း သိရသည်။ (Xinhua)