Connect with us

Environment, Disasters & Accidents

တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခု ဆိုင်ကလုန်း မုန်တိုင်း အဝန်းအဝိုင်း အတွင်း ကျရောက်နိုင်

မုန်တိုင်းလမ်းကြောင်း အခြေအနေအား တွေ့ရစဉ် (ဓာတ်ပုံ-မိုးဇလ)

ရန်ကုန် ၊ မေ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေး တိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့သည် ဆိုင်ကလုန်း မုန်တိုင်း၏ အဝန်းအဝိုင်း အတွင်းသို့ ကျရောက်နိုင်ပါသဖြင့် ဆိုင်ကလုန်း မုန်တိုင်း၏ သက်ရောက်မှု အန္တရာယ်ကို ခံစား ရမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားသည်။

ဆိုင်ကလုန်း မုန်တိုင်း ရွန်နူသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်း ကမ်းခြေကို ဦးတည်နေလျက် ရှိပြီး လက်ရှိ အခြေအနေကို လိမ္မော်ရောင် အဆင့်ဟု သတ်မှတ်ထားကြောင်း သိရသည်။

ဆိုင်ကလုန်း မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော်စဉ် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေး တိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်းတို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် (၆၀) မှ မိုင် (၈၀) ခန့် အထိနှင့် ဧရာဝတီ တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀) မှ မိုင် (၅၀) အထိ တိုက်ခတ် နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် မကြာခဏ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် (၅၀) မှ မိုင် (၆၀) အထိ တိုက်ခတ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် မေလ ၂၀ ရက်မှ မေလ ၂၂ ရက်အတွင်း တစ်ပြည်လုံးတွင် နေရာ စိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးမည် ဖြစ်ကြောင်း သတိပေး နှိုးဆော်ထားသည်။ (Xinhua)