Connect with us

Environment, Disasters & Accidents

လုံးခင်း၊ ဖားကန့် ၊ ခန္တီး ၊ မော်လူး နှင့် မော်ဟန်ရတနာနယ်မြေတို့၌ မိုးရာသီကာလအတွင်း ကျောက်စိမ်းရိုင်း တူးဖော်ထုတ်လုပ်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် ညွှန်ကြားထားဟုဆို

ကချင်ပြည်နယ် ဖားကန့်မြို့၌ ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သော ကျောက်စိမ်းတွင်း ပြိုကျမှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) 

လုံးခင်း၊ ဖားကန့် ၊ ခန္တီး ၊ မော်လူး နှင့် မော်ဟန်ရတနာနယ်မြေများတွင် မိုးရာသီကာလ သုံးလအတွင်း ကျောက်စိမ်းရိုင်း တူးဖော်ထုတ်လုပ်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် ကျောက်မျက်ရတနာကုမ္ပဏီများသို့ ဇူလိုင်လ ၁ ရက်က  ညွှန်ကြားစာ ပေးပို့အကြောင်းထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ဆင်ဟွာသို့ ယနေ့ မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။ 

“အဓိကတော့ မိုးတွင်းမှာ မိုးများတယ်။လုပ်ကွက်တွေရော ၊ မြေစာတွေရော လုပ်ငန်းတွေက မိုးများတဲ့အတွက် အန္တရာယ်များတယ်။ အဲဒီအတွက် သက်တမ်းရှိ တူးဖော်နေတဲ့ ကုမ္ပဏီတွေ ၊ လုပ်ကွက်တွေကို မိုးတွင်းတော့ အန္တရာယ်များတဲ့ အတွက် သက်ဆိုင်ရာ ၊ တစ်ခြားဌာန အဖွဲ့အစည်းတွေက အကြံပြုတာတွေလည်း ရှိတယ်။ တိုက်တွန်းတာတွေလည်း ရှိတယ်။ အဲဒါကြောင့် မြေပြင်အခြေအနေကိုလည်း ပြီးခဲ့တဲ့ လလည်လောက်ထဲက လိုက်လံ စစ်ဆေးကြည့်ပြီးတော့ ဒီလိုအနေအထားမျိုးဆိုရင် မိုးတွင်းဆို မိုးများလာတဲ့ အနေအထားမျိုးမှာဆိုရင် အန္တရာယ်ရှိနိုင်တယ်။ မနှစ်ကလည်း လူအန္တရာယ်ရှိတဲ့ အပိုင်းမျိုး ဖြစ်သွားတော့ ဒီနှစ်လည်း ယာယီရပ်နားသင့်တယ်ဆိုပြီး ကျွန်တော်တို့ လူကြီးတွေကို တင်ပြပြီးတော့ လူကြီးတွေကလည်း အဆင့်ဆင့်တင်ပြ ခွင့်ပြုချက်တောင်းပြီးတော့ ကျွန်တော်တို့ ရပ်နားတဲ့သဘောပါပဲ။”ဟု  ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ရှင်းလင်း ပြောကြားခဲ့သည်။ 

အဆိုပါ ရတနာနယ်မြေများအတွင်း ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကျောက်စိမ်းရိုင်း တူးဖော် ၊ ထုတ်လုပ်ခြင်း လုပ်ငန်းများကို ယာယီရပ်ဆိုင်းရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း နှင့် ထိုသို့ ယာယီရပ်နားစဉ်ကာလအတွင်း မလိုလားအပ်သော ပြဿနာ/ဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်မှု မရှိစေရေးအတွက် ကျောက်မျက်ရတနာကုမ္ပဏီများ လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်း ညွှန်ကြားစာတွင် ထည့်သွင်း ဖော်ပြထားသည်။ 

ယင်းညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ညွှန်ကြားစာတွင် ဖြည့်စွက် ဖော်ပြထားသည်။ယခု မိုးရာသီကာလ ဇူလိုင် ၂ ရက် နံနက်  အစောပိုင်းတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ ရပ်ကွက်(၆)၊ လခူးချောင်၌ မြေပြိုမှုဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းအချိန်အထိ သေဆုံးသူ ၁၂၅ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.