Connect with us

Environment, Disasters & Accidents

အပူပိုင်းမုန်တိုင်းငယ် မြန်မာနိုင်ငံတောင်ပိုင်းသို့ လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော်ဝင်ရောက်နိုင်ဟုဆို

ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် စက်ဘီးဖြင့်သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၏ အရှေ့ဘက် ရေမိုင် (၃၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသောအပူပိုင်းမုန်တိုင်းငယ်သည် ယနေ့ အောက်တိုဘာ ၇ ရက် ညပိုင်းတွင် ဗီယက်နမ်နိုင်ငံတောင်ပိုင်း ကမ်းခြေသို့ ရောက်ရှိနိုင်ပြီး၊ အနောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ၊ ထိုင်းပင်လယ်ကွေ့မှတစ်ဆင့် မြန်မာနိုင်ငံ တောင်ပိုင်းတွင်လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ ပြောကြားသည်။

“ မုန်တိုင်းငယ်က အနောက်ဘက်ကိုရွေ့ရင် ထိုင်းပင်လယ်ကွေ့ထဲရောက်မယ်။ အနောက်ဘက်ကို ဆက်ရွေ့လာရင်တော့ ထိုင်းတောင်ပိုင်းနဲ့ မြန်မာနိုင်ငံတောင်ပိုင်းကိုလေဖိအားနည်းရပ်ဝန်းအဖြစ်ဖြတ်နိုင်တယ်။ အဓိကအားဖြင့် တနင်္သာရီဘက်မှာ မိုးသည်းထန်စွာ ရွာတာတွေ၊ လှိုင်းကြီးတာတွေ၊ လေပြင်းတိုက်တွေဖြစ်နိုင်တယ်။ ပြီးတော့ ဒီလေဖိအားနည်းက ကပ္ပလီပင်လယ်ပြင်ထဲကိုရောက်တဲ့အခါမှာ ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းဖြစ်နိုင်တယ်လို့ ခန့်မှန်းထားတာရှိတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အဆိုပါ အပူပိုင်းမုန်တိုင်းငယ်ကြောင့် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်း များ ဖြစ်ပေါ်နိုင်ကာ၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/လေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀) အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့် ရှိနိုင်ကြောင်း သိရသည်။

“အပူပိုင်းမုန်တိုင်းငယ်ကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းတာတွေနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းတွေ ဖြစ်ပေါ်နိုင်လို့ ပြည်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်သင့်ပါတယ်။ အခုမိုးနှောင်းကာလ မှာ နောက်ထပ်လည်း အခုလို မုန်တိုင်းကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြီးခြင်းတွေ ဖြစ်နိုင်သေးတယ်’’ ဟု ဦးလှထွန်းက ဆက်ပြောသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းဖြတ်သန်းပါက တနင်္သာရီတိုင်းဒေသကြီးကို အဓိကဖြတ်သန်းနိုင်ကြောင်း၊ လေဖိအားနည်းဖြတ်သန်းမှုကို တနင်္သာရီတိုင်းဒေသကြီးက ပိုမိုခံစားရနိုင်ကြောင်းဆိုသည်။ (Xinhua)