Connect with us

Environment, Disasters & Accidents

၂၀၂၁ ခုနှစ်တွင် အထူးစိမ်းလန်းစိုပြည်ရေးအတွက် တိုင်းဒေသကြီး ၃ ခုတွင် အပင်ကြီးများအပါအဝင် အပင်ပေါင်း ၂၆၆,၀၀၀ ကျော်စိုက်ပျိုးမည်

အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--သစ်တောဦးစီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၁ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ တွင် အထူးစိမ်းလန်းစိုပြည်ရေး စီမံကိန်းအဖြစ် အပင်ကြီးစိုက်ပျိုးခြင်းအပါအဝင် အပင်စုစုပေါင်း ၂၆၆,၀၀၀ ကျော် စိုက်ပျိုးသွားရန်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောကဏ္ဍ၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဇော က ဆင်ဟွာသို့ ဇန်နဝါရီ ၁၆ ရက်တွင် ပြောသည်။

“အထူးစိမ်းလန်းစိုပြည်ရေးက သာမန်အပင်စိုက်တာနဲ့ မတူဘူး။ အပင်ကြီးတွေလည်း စိုက်ပျိုးရတယ်။ အပင်ကြီးတွေကို ကျွန်တော်တို့က ရေသွင်းပြီးစိုက်ပျိုးရတယ်။ တောင်ပေါ်ဆိုရင် တောင်ပေါ်အထိ ရေလောင်းပေးရတယ်။ အပင်ကြီးတွေ စိုက်ပျိုးတဲ့အခါမှာ ရေသယ်ရတာ၊ ရေလောင်းရတာတော့ အခက်အခဲရှိပါတယ်။ အဲဒီနေရာ စိမ်းလန်းလာရင် သဘာဝပေါက်ပင်တွေလည်း ပိုပြီးဖြစ်ထွန်းလာတာ တွေ့ရပါတယ်’’ ဟု ဦးကျော်ဇောက ပြောသည်။

အထူးစိမ်းလန်းစိုပြည်ရေးဆောင်ရွက်ရာတွင် အပင်ကြီးစိုက်ပျိုးခြင်း၊ တစ်အုပ်တစ်မစိုက်ပျိုးခြင်း၊ကွန်တိုဘောင်စိုက်ပျိုးခြင်း၊ ဖြည့်စွက်စိုက်ပျိုးခြင်းနှင့် သဘာဝတောထိန်းဧရိယာ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းတို့အား ဆောင်ရွက်ရကြောင်း ဆိုသည်။

“အထူးစိမ်းလန်းစိုပြည်ရေးကိုကြတော့ ကျွန်တော်တို့က မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ၃ ခုမှာပဲ ဆောင်ရွက်တာပါ။ အဲဒီဒေသတွေက အပူဆုံးဒေသတွေမှာပဲ ဆောင်ရွက်ရတာပါ။ ကွန်တိုဘောင်နဲ့ စိုက်ပျိုးတာ ၁၉၇၅ ပင်စိုက်ပျိုးပြီးပါပြီ။ အပင်ကြီး က ၁၅၀၀၊ ဖြည့်စွက်စိုက်ပျိုးတာက အပင်ပေါင်း ၁၃,၀၀၀ စိုက်ပြီးပြီ။ သဘာဝတောကို ထိန်းထားတဲ့ ဧရိယာမှာလည်း စိုက်ပျိူးပြီးပြီ။ နောက်ကျန်တဲ့ အပင်တွေက မိုးကျတာနဲ့ စိုက်ပျိုးမှာ ဖြစ်ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင်လည်း အထူးစိမ်းလန်းစိုပြည်ရေးအတွက် အပင်ပေါင်း ၂၆၆,၁၇၅ ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117