Connect with us

Environment, Disasters & Accidents

ရေနည်းကာလဖြစ်ပြီး COVID-19 ကာလ ကုန်စည်နှင့်ခရီးသည် နည်းပါးသောကြောင့် ချင်းတွင်းမြစ်အတွင်း သင်္ဘောခရီးစဉ်များအား လက်ရှိတွင်ရပ်နားထားကြောင်းဆို

ဧရာဝတီမြစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယခုကာလသည် မြစ်ရေနည်းချိန်ဖြစ်သောကြောင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာနအနေဖြင့် ချင်းတွင်းမြစ်အတွင်းပြေးဆွဲလျက်ရှိသော သင်္ဘောခရီးစဉ်များအား လက်ရှိကာလတွင်ရပ်နားထားကြောင်း၊ ဧရာဝတီမြစ်အတွင်းခရီးစဉ် အနေဖြင့် ကုန်ပစ္စည်းများအတွက် မန္တလေး-ဗန်းမော်ခရီးစဉ်အားပြေးဆွဲပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန၊ ရေကြောင်းဌာနမှူးချုပ် ဦးမြင့်သန်းထွန်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၈ ရက်တွင်ပြောသည်။

“ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေစူးတွေကို ထုတ်ပြန်တယ်။ ဒီကာလ မိုးမကျခင်အထိ သင်္ဘောတွေအတွက် သိပ်အဆင်မပြေဘူး။ ရေပေါ်ပြေးဆွဲတဲ့အမြန်ယာဉ်တွေကိုတော့ ဒေသခံတွေက အားကိုးကြပါတယ်’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

ယခုနှစ်သည် COVID-19 ကာလဖြစ်သောကြောင့် ခရီးသည်များပုံမှန်ထက်နည်းပါးပြီး ကုန်စည်များလည်းပုံမှန်ထက်နည်းသောကြောင့် ထိုကဲ့သို့ ရပ်နားခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကာလတွင် ရေပေါ်အမြန်ယာဉ်အသေးများသာ ပြေးဆွဲလျက်ရှိကြောင်း ဆိုသည်။

လက်ရှိကာလ မြစ်ကြောင်းခရီးစဉ်များသည် သောင်ထွန်းခြင်းများကြောင့် သင်္ဘောများသွားလာရ ခက်ခဲလျက်ရှိကြောင်း၊ မိုးကျသည့်အချိန်အထိ ချင်းတွင်းမြစ်အတွင်း သင်္ဘောခရီးစဉ်အား ရပ်နားထားမည်ဖြစ်ကြောင်း ဆိုသည်။

ရေလမ်းကြောင်းအတွင်း ရေယာဉ်မတော်တဆ ဖြစ်ပွားခြင်းများ မဖြစ်ပေါ်စေရန်၊ မိမိတို့ရေယာဉ်၏ ဝန်တင်ရေစူးများကို ရေလမ်းကြောင်း အခြေအနေပေါ်မူတည်ပြီး သတ်မှတ် ရေစူးကန့်သတ်ချက်နှင့်အညီ တင်ဆောင်ခုတ်မောင်းရန်လိုအပ်ကြောင်း သိရသည်။

သောင်တင်သည့်အခြေအနေပေါ်မူတည်ပြီး ရေကြောင်းအပြောင်းအလဲများရှိကြောင်း၊ သောင်တင်ခြင်းမှာ မထူးဆန်းသော်လည်း သင်္ဘောဗိုက်ပေါက်ခြင်းအပါအဝင် သင်္ဘောများမထိခိုက်စေရန်၊ အန္တရာယ်ကင်းရှင်းစေရန် ရေယာဉ်မောင်းသူများအား သတိပေးချက်များ ထုတ်ပြန်ထားလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာနမှ သိရသည်။ (Xinhua)