Connect with us

Environment, Disasters & Accidents

ယနေ့တစ်ရက်တည်းတွင် ငလျင် ၃ ကြိမ်လှုပ်ရှားခဲ့ပြီး တံတားဦးငလျင်၏ နောက်ဆက်တွဲငလျင်များဟုဆို

မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၁)မိုင် ခန့်ကွာဝေးသော အမရပူရမြို့၏ အနောက်တောင်ဘက် (၃)မိုင် ခန့်အကွာ တွင်လှုပ်ရှားခဲ့သော ငလျင်လှုပ်ရှားမှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ယနေ့ ဒီဇင်ဘာ၁၆ ရက်  တစ်ရက်တည်းတွင် ငလျင် ၃ ကြိမ်လှုပ်ရှားခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်ကလှုပ်ရှားခဲ့သည့် တံတားဦးငလျင်၏ နောက်ဆက်တွဲငလျင်များဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၁၆ ရက်တွင်ပြောသည်။

ဒေါက်တာယဉ်မျိုးမင်းထွေးက “ဒီဇင်ဘာ ၁၅ ရက်နေ့က လှုပ်တဲ့ငလျင်က အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၂ အဆင့်ရှိ တော့ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လို့ ပြောလို့ရပါတယ်။ ဒီနေ့ လှုပ်တဲ့ ငလျင် ၃ ကြိမ်ကလည်း  မန္တလေးတိုင်းဒေသကြီးအတွင်းမှာလှုပ်ရှားခဲ့တာဖြစ်လု့ိ မနေ့ကတံတားဦး ငလျင် ရဲ့ နောက်ဆက်တွဲငလျင် လို့ပြောလို့ရပါတယ်’’ ဟုပြောသည်။

ဒီဇင်ဘာ ၁၅ ရက်က လှုပ်ရှားခဲ့သည့်တံတားဦးငလျင်သည် စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်ရှားသည်ဟုသုံးသပ်ရကြောင်း အဆိုပါငလျင်ကြောင့် ပျက်စီးမှုတချို့ရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ဒီဇင်ဘာလ (၁၆)ရက်၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၄၅)မိနစ်၊ (၂၁)စက္ကန့် အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့၏ အရှေ့တောင်ဘက် (၂)မိုင်ခန့်အကွာ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၂၉)မိနစ်၊ (၁၃) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် (၁၁)မိုင် ခန့်ကွာဝေးသော မြစ်ငယ်မြို့၏ အရှေ့ဘက် (၃)မိုင် ခန့်အကွာ အနက် (၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ပြီး ယနေ့ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၂၈)မိနစ်၊ (၃၁) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၁)မိုင် ခန့်ကွာဝေးသော အမရပူရမြို့၏ အနောက်တောင်ဘက် (၃)မိုင် ခန့်အကွာ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“စစ်ကိုင်းပြတ်ရွေ့က သက်ရှင်ပြတ်ရွေ့တစ်ခုဖြစ်တယ်။ နောက်ပြီးငလျင်လှုပ်ရှားမှုလည်း မကြာခဏဖြစ်ပေါ်တဲ့ ပြတ်ရွေ့ဖြစ်တယ်။ငလျင်တွေခပ်စိပ်စိပ်လှုပ်တာနဲ့ ပတ်သက်ပြီး ပြောရရင် ငလျင်ဆိုတာက ကျွန်တော်မကြာခဏပြောသလို ကြိုတင်ခန့်မှန်းလို့မရတဲ့ သဘာဝဘေးတစ်ခုဖြစ်တယ်။ ငလျင်မကြာခဏလှုပ်ရှားတတ်တဲ့နေရာဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ ငလျင်နဲ့ ပတ်သက်ပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်စေချင်ပါတယ်’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117