Connect with us

Environment, Disasters & Accidents

အမြန်လမ်းမကြီးတွင် မေလအတွင်း ယာဉ်မတော်တဆမှုဖြစ်ပွားခြင်းကြောင့် လူ ၇ ဦးသေဆုံးခဲ့ကာ ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် မေလအတွင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်းကြောင့် လူ ၇ ဦး သေဆုံးကာ ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးဦးစီး၊ ဒုရဲမှူးမျိုးလင်းသန့်က ဆင်ဟွာသို့ ဇွန် ၉ ရက်တွင်ပြောသည်။

မေလအတွင်း ရန်ကုန်မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုပေါင်း ၁၆ မှု ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၆၄ .၃၅ သန်းရှိကြောင်း သိရသည်။

“၂၀၂၃ ခုနှစ် ဧပြီလမှာ အလားတူ ယာဉ်မတော်တဆမှု ၂၀ မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီယာဉ်မတော်တဆမှုတွေကြောင့် လူ၁၄ ဦး သေဆုံးခဲ့ပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့တော့ ဧပြီလနဲ့ ယှဉ်ရင် မေလ က ယာဉ်မတော်တဆမှု နည်းသလို သေဆုံးမှုလည်း နည်းပါတယ်’’ ဟုဒုရဲမှူးမျိုးလင်းသန့် ကပြောသည်။
ယာဉ်မတော်တဆမှုအများစုမှာ ယာဉ်မောင်းမှ အရှိန်လွန်မောင်းနှင်ခြင်းကြောင့် အဖြစ်များကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
၂၀၂၂ ခုနှစ်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုပေါင်း ၁၆၉ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၅၇ ဦး ရှိပြီး ၂၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ (Xinhua)