Connect with us

Politics, Law & Military

အဂတိ တားဆီးရေး မဟာဗျူဟာ ရေးဆွဲမည်ဟု ကော်မရှင် ဥက္ကဋ္ဌ ပြော

အဂတိ တားဆီးရေး မဟာဗျူဟာအတွက် ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် အဖွင့်အမှာ စကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အနာဂတ်အတွက် များစွာ အကျိုးဖြစ်ထွန်းစေမည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာကို ရေးဆွဲသွားမည်ဟု အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင် ကြည် က ယနေ့ ပြောခဲ့သည်။

“နောင်နှစ်ပေါင်းများစွာအတွက် ကျွန်တော်တို့တိုင်းပြည်မှာ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး နဲ့ ပတ်သက်တဲ့ အမျိုးသားမူဝါဒတစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်ဖို့ မဟာဗျူဟာ ကို ဒီနေ့ ရေးဆွဲကြမှာ ဖြစ်ပါတယ်၊ မဟာဗျူဟာ ဟာ ဒီတိုင်းပြည်ကြီးရဲ့ အနာဂတ်မျိုးဆက်သစ်အတွက် တိုးတက်ကြီးပွားမှု သာယာဝပြောမှု ရရှိစေဖို့အတွက် အရေးကြီးတဲ့ အချက်ကို အကောင်အထည်ဖော် ရေးဆွဲကြမှာ ဖြစ်ပါတယ်” ဟု နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့ နံနက် ပြုလုပ်ခဲ့သော ပညာရပ်ဆိုင်ရာ Sensitization Workshop တွင် ကော်မရှင် ဥက္ကဌက ပြောခဲ့ခြင်း ဖြစ်သည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာ ရေးဆွဲရေး အတွက် အကောင်အထည်ဖော်ရေး လုပ်ငန်းစီမံချက်နှင့် အဂတိ လိုက်စားမှု ကာကွယ် တားဆီးရေး ဌာန တည်ထောင်ရေးတို့အတွက် အထောက်အကူပြုမည့် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲအား ဆွီဒင် အစိုးရ၏ ရန်ပုံငွေ အထောက် အပံ့ဖြင့် မြန်မာနိုင်ငံ UNODC ရုံးက ယနေ့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု ကာကွယ် တားဆီးရေး ဆိုင်ရာ နိုင်ငံတကာ အစီအမံများကို သိရှိနိုင်ရေး၊ မြန်မာနိုင်ငံ၏ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ နည်း ဥပဒေများ ပိုမို ခိုင်မာလာစေရေး၊ မြန်မာနိုင်ငံနှင့် သင့်လျော် သည့် ကာကွယ် တားဆီးရေး နည်းလမ်းများ ချမှတ်နိုင်ရေးတို့အတွက် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ် ကြောင်း ဥက္ကဌက ပြောခဲ့သည်။

အဂတိ တားဆီးရေး မဟာဗျူဟာအတွက် ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပနေစဉ် (ဆင်ဟွာ)

ထို့အပြင် ၎င်းက “စာရွက်ပေါ်မှာပဲ ရေးသားထားတဲ့ မဟာဗျူဟာ မဟုတ်ဘဲနဲ့ လက်တွေ့ အကောင် အထည်ဖော်လို့ရမယ့် မဟာဗျူဟာ၊ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိတဲ့ ဆင်းရဲနွမ်းပါးသူတွေကို အများဆုံး အကျိုးပြုမယ့် မဟာဗျူဟာ၊ ဆင်းရဲနွမ်းပါးသူတွေကို အများဆုံး အကျိုးပြုတယ် ဆို တာက အဂတိလိုက်စားမှုကို ဒီတိုင်းပြည်မှာ အများဆုံးခံစားနေရတဲ့ သူတွေက ဆင်းရဲနွမ်းပါးတဲ့ ပုဂ္ဂိုလ်တွေပါပဲ၊ သူတို့ဟာ ဘဝနဲ့ နှိုင်းပြီး ခံစားနေရတာပါ၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့က အဂတိ လိုက်စားမှုကို လျော့ပါးအောင် လုပ်နိုင်ရင်ဆင်းရဲမှု နွမ်းပါးမှုကို တကယ်ကာကွယ်နိုင်မှာ ဖြစ်ပါ တယ်၊ ဒီအတွက် ကျွန်တော်တို့ အထူးအလေးအနက်ထားဆောင်ရွက်နေပါတယ်” ဟုလည်း ပြောကြားခဲ့ သည်။

ထိုသို့ ဆောင်ရွက်ရာ၌ အနာဂတ်မှာ ရင်ဆိုင်ရမည့် စိန်ခေါ်မှု အများအပြား ရှိနေမှာ ဖြစ်ကြောင်း၊ ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကိုလည်း လုပ် ဆောင်ရန် များစွာ ကျန်ရှိနေကြောင်းနှင့် အဆိုပါ အလုပ်များ အားလုံး လုပ်ဆောင်နိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ၊ လူမှုအဖွဲ့အစည်းများ ၊ ပြည်သူလူထုတစ်ရပ်လုံးနှင့် ပူးပေါင်း ပြီး ဆောင်ရွက်သွားနိုင်ရန်လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.