Connect with us

Politics, Law & Military

ဥပဒေပြုလုပ်ငန်းများတွင် ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် လွှတ်တော် နာယကပြော

ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် အဖွင့်မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ပြည်သူ့အကျိုးအတွက် ခေတ်စနစ်နှင့်ညီစေရန် ဥပဒေများ ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ပြဌာန်းသည့် လုပ်ငန်း များ ကို ရဲဝံ့ ပြတ်သားစွာ လုပ်ဆောင်ကြရမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော် သမ္မတက ပေးပို့လာသည့် သဝဏ်လွှာကို နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ဖတ်ကြားခဲ့သည်။ ထို့အတူ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပေးပို့သည့် သဝဏ်လွှာကိုလည်း ကုလသမဂ္ဂရုံးမှ ကိုယ်စားလှယ် တစ်ဦးက ဖတ်ကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ တက်ရောက်လာသူများအားတွေ့ရစဉ် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် တိုင်းရင်းသားပါတီ တစ်ခုမှ စာတမ်းဖတ်ကြားစဉ် (ဆင်ဟွာ)
ထိုသို့ ရဲဝံ့ ပြတ်သားစွာ ဆောင်ရွက်မှသာ ပြဌာန်းဥပဒေများကို ပြည်သူများက လိုက်နာနိုင်မည် ဖြစ်ပြီး ဥပဒေ၏ အကာ အကွယ်ကို နိုင်ငံသားတိုင်း တန်းတူညီမျှ ရရှိစေနိုင်ကာ ဥပဒေ အထက်တွင် မည်သူမျှ မရှိနိုင်မည် ဖြစ်ကြောင်းလည်း ဦးမန်းဝင်းခိုင်သန်းက ပြောခဲ့သည်။
ခရစ်နှစ် ၂၀၃၀ တွင် တစ်ကမ္ဘာလုံး ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရေး အတွက်၊ “အားလုံး ပူးပေါင်း ပါဝင်စို့ ဒီမိုကရေစီ ၂၀၃၀ သို့” ၊ “Democracy 2030” ဟူသည့် ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ သဘင်ဆောင်တွင် ယနေ့နေ့လယ် ၁၂ း ၃၀ နာရီ၌ ကျင်းပခဲ့ရာ ပြည်ထောင်စု လွှတ်တော် နာယကက ၎င်း၏ အဖွင့် မိန့်ခွန်းတွင် ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်၏ အချုပ်အခြာ အာဏာ သုံးရပ်တို့တွင် မလျော်သြဇာ မသုံးကြရန်လည်း ပြည်ထောင်စု လွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ပြောခဲ့သည်။
ထို့နောက် ကျောင်သားလူငယ်များ၏ စာတမ်း၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ ကိုယ်စားပြု စာတမ်း၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ၏ စာတမ်း၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၏ စာတမ်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၏ စာတမ်း၊ မွန်အမျိုးသား ပါတီ၏ စာတမ်း၊ ဝ ဒီမိုကရက်တစ်ပါတီ၏ စာတမ်း၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ စာတမ်း၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေး ပါတီ) ၏ စာတမ်း၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၏ စာတမ်း၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO) ၏ စာတမ်း၊ တအာင်း(ပလောင်) အမျိုးသား ပါတီ၏ စာတမ်း၊ ရခိုင်အမျိုးသား ပါတီ၏ စာတမ်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ စာတမ်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ စာတမ်း၊ စုစုပေါင်း စာတမ်း ၁၆ ခု တို့ကို သက်ဆိုင်ရာ ကိုယ်စားလှယ်များက ဖတ်ကြားခဲ့ကြသည်။
စာတမ်းများ ဖတ်ကြားအပြီးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က နိဂုံးချုပ် အမှာစကား ပြောကြားကာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတကာ သံတမန်များ၊ လူငယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်များ (၈၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.