Connect with us

Politics, Law & Military

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံပိုင် အခန်း ရင်းနှီးမြှုပ်နှံမှုကို ကျပ် ၂၈၇ ဘီလျံ လျှော့ချသွားရန် လွှတ်တော်သို့တင်ပြထား

ပြည် ထောင်စု လွှတ်တော်သို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၁၃ ရက် (ဆင်ဟွာ)

၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်း၏ နောက်ဆက်တွဲ (၂) ပါ စီမံကိန်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ (ပြင်ဆင် ဖြည့်စွက်ချက်) များအရ စီမံကိန်း အချို့ကို ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းခြင်း တို့ကြောင့် နိုင်ငံပိုင် အခန်း ရင်းနှီးမြှုပ်နှံမှုပမာဏသည် အစိုးရအဖွဲ့က မူလ အဆိုပြုထားသည့်ပမာဏထက် ကျပ် ၂၈၇ ဘီလျံ (ကျပ် ၂၈၇၃၁၇ ဒသမ ၃၄ သန်း) လျော့ကျကာ ကျပ် ၆၀၀၃ ဒသမ ၃၄၅ ဘီလျံသို့ ပြောင်းလဲသွား မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ပြည် ထောင်စု လွှတ်တော် အစည်းအဝေးသို့တင်ပြခဲ့သည်။

“မူလ ရည်မှန်းချက်အရ နိုင်ငံပိုင် အခန်းက ကျပ် ၆၂၉၀ ဒသမ ၆၆၃ ဘီလီယံ၊ သမဝါယမပိုင် အခန်းက ကျပ် ၃ ဒသမ ၅၀၃ ဘီလီယံနဲ့ ပုဂ္ဂလိကပိုင်အခန်းက ၂၁၆၅၇ ဒသမ ၀၈၆ ဘီလျံ အဆိုပြုလျာထား ခဲ့ပါတယ်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအတိုင်း ဝန်ကြီးဌာနများရဲ့ ရင်းနှီးမြှုပ်နှံမှုများ အပေါ် ငြင်းပယ်ရန် အသုံး စရိတ်များ၊ လျှော့ချခွင့်ပြုရန် အသုံးစရိတ်များကို လက်ခံပါက နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုအနေနဲ့ မူလ အဆိုပြု ပမာဏထက် ကျပ် ၂၈၇ ဒသမ ၃၁၇ ဘီလီယံ လျော့နည်း၍ ကျပ် ၆၀၀၃ ဒသမ ၃၄၅ ဘီလျံသို့ ပြောင်းလဲ ဖြစ်ပေါ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ ကျပ် ၂၇၆၆၃ ဒသမ ၉၄၃ ဘီလီယံသို့ ပြောင်းလဲမှာ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းလင်း တင်ပြခဲ့သည်။

၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်း၏ နောက်ဆက်တွဲ (၂) ပါ စီမံကိန်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ (ပြင်ဆင် ဖြည့်စွက်ချက်) များအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံ သဘော ဆွေးနွေးချက်များ အရ လတ်တလော ရပ်ဆိုင်းထားသင့် သည့် လုပ်ငန်းစီမံကိန်းများတွင် စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်း အောက်ရှိ စက်ရုံ ခြောက်ခု၊ အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်း အောက်ရှိ စက်ရုံ ၁၂ ခု၊ အမှတ်(၃) အကြီးစား စက်မှုလုပ်ငန်း အောက်ရှိ စက်ရုံ ၁၆ ခု၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဝန်ကြီးဌာန၊ မြန်မာ့ရေနံ ဓာတု လုပ် ငန်း အောက်ရှိ လုပ်ငန်းနှင့် စက်ရုံ ၁၀ ခု၊ စုစုပေါင်း ၄၄ ခု ပါဝင်ကြောင်း၊ ပြည်တွင်းပြည်ပမှ နည်း ပညာ နှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ နိုင်ငံတော်နှင့် အကျိုးတူ ဆောင်ရွက်သင့်သည့် လုပ်ငန်း စီမံကိန်း များတွင် စက်မှုဝန်ကြီးဌာန အောက်ရှိ စက်ရုံ လေးရုံ ပါဝင်ကြောင်း၊ ပြည်ထောင်စု အစိုးရ အဖွဲ့က ကြပ်မတ်၍ ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်း စီမံကိန်းများတွင် စက်မှုဝန်ကြီးဌာန အောက်မှ လုပ်ငန်းတစ်ခု၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အောက်မှ စက်ရုံတစ်ခု၊ စုစုပေါင်း နှစ်ခု ပါဝင်ပါကြောင်းလည်း ၎င်းက တင်ပြခဲ့သည်။

ထိုသို့ပိတ်သိမ်း၊ ရပ်ဆိုင်း၊ လွှဲပြောင်းရမည့် စက်ရုံများရှိ နိုင်ငံ့ဝန်ထမ်းများ မနစ်နာရေးအတွက် ၎င်းက “လတ်တလော ဆိုင်းငံ့ထားသင့်တဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် အခန်း ရင်းနှီးမြှုပ်နှံမှုများ ကိုသာ ရပ်ဆိုင်းထားပြီး ပိတ်သိမ်းမည့် စက်ရုံများမှလွဲ၍ ကျန်စက်ရုံများရဲ့ လုပ်ငန်း လည်ပတ်မှုကို လက်ရှိ အနေအထားအတိုင်း ဆက်လက် ဆောင်ရွက်စေပြီးမှသာ လိုအပ်သလို ပြောင်းလဲ လုပ် ဆောင် သင့်ပါတယ်၊ ထိုသို့ဆောင်ရွက်နေစဉ်ကာလအတွင်း ပုဂ္ဂလိကသို့ ငှားယမ်းမှု၊ လွှဲပြောင်း ရောင်းချမှု၊ နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေ၊ နည်းဥပဒေများနဲ့အညီ ဆောင်ရွက်ပေးမှု စတဲ့ ဆောင် ရွက် ဖွယ်ရာ လုပ်ငန်းစဉ်တွေက်ု တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ရပါမယ်”ဟု တင်ပြခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပြင်ဆင် ဖြည့်စွက်ချက်များကို လွှတ်တော်က အတည်ပြုပါက GDP လျော့ကျနိုင်မှုမှာ စက်မှုကဏ္ဍတွင် ကျပ် ၈၆၄ ဒသမ ၅၃၉ ဘီလီယံ၊သတ္တုကဏ္ဍတွင် ကျပ် ၁၉ ဒသမ ၀၁၉ ဘီလီယံ စုစုပေါင်း ကျပ် ၁၀၅ ဒသမ ၄၇၃ ဘီလီယံဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ခန့်မှန်း တွက်ချက်မှုအရ GDP ရည်မှန်းချက်ပမာဏမှာ ကျပ် ၉၁ ဒသမ ၂၁၄ ဘီလီယံသို့ ပြောင်းလဲ ဖြစ်ပေါ်ကာ နိုင်ငံ၏ စီးပွား ဖွံ့ဖြိုး တိုးတက်မှုနှုန်းသည် ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်ထက် ၆ ဒသမ ၈ ရာခိုင်နှုန်းသာ တိုးတက်မည်ဖြစ်ကြောင်း၊ တစ်ဦးကျ ဝင်ငွေ (Per Capita GDP) မှာလည်း မူလ ရည်မှန်းချက် ကျပ် ၁၇၁၀၅၂၈ ထက် ၁၉၇၅ ကျပ် လျော့နည်းပြီး ၁၇၀၈၆၀၇ ကျပ်သို့ ပြောင်းလဲသွားနိုင်ကြောင်းလည်း ၎င်းက ရှင်းလင်းတင်ပြခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117