Connect with us

Politics, Law & Military

နိုင်ငံခြားသုံး သီးသန့်ရန်ပုံငွေသည် သွင်းကုန် ၅ ဒသမ ၆ လစာ ပမာဏ ရှိဟုဆို

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးစိုးမင်း ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်တွင် စုစုပေါင်း နိုင်ငံခြားသုံး သီးသန့်ငွေသည် သွင်းကုန်၏ ၅ ဒသမ ၆ လစာ ပမာဏ ရှိပြီး ဗဟိုဘဏ်ရှိ နိုင်ငံခြားသုံး သီးသန့်ငွေမှာ သွင်းကုန်၏ ၃ ဒသမ ၃ လစာ ပမာဏ ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးစိုးမင်းက ယနေ့ ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ငွေရေးကြေးရေး တည်ငြိမ်မှု အခြေအနေ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးသို့ ဖတ်ကြားတင်သွင်းရာတွင် ဗဟိုဘဏ် ဒုတိယ ဥက္ကဌက ပြောကြားခဲ့ခြင်း ဖြစ်ပြီး ကုန်သွယ်မှု အတွက် ထွက်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၄၈ ဘီလီယံ၊ ဝန်ဆောင်မှုအတွက် ဝင်ငွေ အသားတင် ရငွေ အမေရိကန်ဒေါ်လာ ၆၁၈ သန်းနှင့် အခြား ရငွေ အမေရိကန် ဒေါ်လာ ၅၂၁ သန်း ဖြစ်သောကြောင့် သာမန် စာရင်းတွင် လိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၀၉ ဘီလီယံ ပေါ်ပေါက်ခဲ့ ကြောင်း၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုက အထိုက်အလျောက် ဖြည့်တင်းပေးနိုင်ခဲ့သဖြင့် သာမန် စာရင်းလိုငွေသည် ယခင်နှစ် အောက် လျော့နည်းခဲ့ကြောင်း၊ ခြောက်လတာ ကာလအတွင်း နိုင်ငံခြား ငွေပေး ငွေယူ ရှင်းတမ်း တစ်ရပ်လုံး အနေဖြင့် စုစုပေါင်း လိုငွေသည် အမေရိကန်ဒေါ်လာ ၂၇ သန်း ပေါ်ပေါက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း အမေရိကန် ဒေါ်လာနှင့် မြန်မာ ကျပ်ငွေတို့ ၏ ရည်ညွှန်း နိုင်ငံခြား ငွေ လဲလှယ်နှုန်းသည် အနိမ့်ဆုံး ၁၃၂၆ ကျပ်၊ အမြင့်ဆုံး ၁၅၉၇ ကျပ် ရှိခဲ့ပြီး ပျမ်းမျှ ငွေလဲလှယ်နှုန်းမှာ ၁၄၁၃ ကျပ် ရှိခဲ့ကြောင်း၊ နိုင်ငံ၏ ကုန်သွယ်မှု လိုငွေ မြင့်မားလာခြင်း၊ အမေရိကန်ဒေါ်လာ အား ကောင်း ခိုင်မာလာခြင်း တို့ကြောင့် အခြား နိုင်ငံများ ၏ ငွေကြေးများနည်းတူ မြန်မာကျပ်ငွေသည် တန်ဖိုး ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ရကြောင်း၊ နိုင်ငံ၏ ကုန်သွယ်မှု လိုငွေ မြင့်မားလာသည်နှင့်အမျှ အမေရိကန်ဒေါ်လာ လိုအပ်ချက် မြင့်မားလာခြင်း တို့သည် ကျပ်ငွေတန်ဖို့ ကျဆင်းရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ကြောင်း၊ ရည်ညွှန်း နိုင်ငံခြားငွေ လဲလှယ်မှုနှင့် ဈေးကွက် နိုင်ငံခြားငွေ လဲလှယ် နှုန်းတို့၏ နေ့စဉ် ပြောင်းလဲမှုမှာ အများအားဖြင့် ၀ ဒသမ ၅ ရာခိုင်နှုန်း အတွင်း၌သာ ရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှစက်တင်ဘာလအတွင်း ငွေရေး ကြေးရေး တည်ငြိမ်မှုများနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေရေးကြေးရေး အဖွဲ့အစည်းများကို ကြီးကြပ် စစ်ဆေးလျက် ရှိကြောင်း၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်တွင် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး ကဏ္ဍတွင် နိုင်ငံပိုင် ဘဏ် လေးဘဏ်၊ ပုဂ္ဂလိကပိုင် ဘဏ်၂၇ ဘဏ်၊ နိုင်ငံခြား ဘဏ်ခွဲ ၁၃ ဘဏ်၊ ဘဏ်မဟုတ်သော ငွေရေး ကြေးရေး အဖွဲ့အစည်း၂၁ ခု၊ နိုင်ငံခြား ငွေရေးကြေးရေး ကုမ္ပဏီ ကိုယ်စားလှယ်ရုံး ငါးခုနှင့် နိုင်ငံခြား ဘဏ် ကိုယ်စားလှယ်ရုံး ၄၄ ခု၊ မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်း သုံးခုတို့ ရှိကြကြောင်း၊ ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အခြေအနေသည် ၂၀၁၇ – ၁၈  နှင့်နှိုင်းယှဉ်ပါက စုစုပေါင်း ရရန်ပိုင်ခွင့်သည် ၆ ဒသမ ၃၆ ရာခိုင်နှုန်း၊ ချေးငွေသည် ၁၁ ဒသမ ၂၈ ရာခိုင်နှုန်း၊ အပ်ငွေသည် ၅ ဒသမ ၆၈ ရာခိုင်နှုန်း၊ မတည်ရင်းနှီးငွေသည် ၈ ဒသမ ၁၄ ရာခိုင်နှုန်း၊ ငွေဖြစ်လွယ်သော ရရန် ပိုင်ခွင့်များသည် ၁၅ ဒသမ ၃၈ ရာခိုင်နှုန်း အသီးသီး တိုးတက် လာကြောင်း၊ သို့ရာတွင် စုစုပေါင်း ဝင်ငွေ ၄၈ ဒသမ ၉၁ ရာခိုင်နှုန်း၊ စုစုပေါင်း အသုံးစရိတ် ၄၅ ဒသမ ၈၂ ရာခိုင်နှုန်း၊ အသားတင်ဝင်ငွေ ၇၉ ဒသမ ၇၃ ရာခိုင်နှုန်း အသီးသီး လျော့နည်းသွားသည်ကို  တွေ့ရှိရ ကြောင်း၊ ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် အကူး အပြောင်း ကာလ အခြေအနေမှာ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ငွေသား ကိုင်ဆောင်ထားမှုနှင့် စုစုပေါင်း ရရန် ပိုင်ခွင့် အချိုးသည် ၂၀ ဒသမ ၅၄ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်လည် ရရှိမှု ၉ ဒသမ ၅၆ ရာခိုင်နှုန်း၊ ရရန် ပိုင်ခွင့်များအပေါ် ပြန်ရချက်မှာ ၀ ဒသမ ၅၇ ရာခိုင်နှုန်း နှင့် မတည်ငွေ အရင်း လုံလောက်မှု အချိုး ၁ ဒသမ ၃၁ ရာခိုင်နှုန်း အသီးသီး လျော့နည်းသွားကြောင်း၊ သို့ရာတွင် ငွေကြေးလည်ပတ်မှု အချိုးသည် ၁၀ ဒသမ ၄၆ ရာခိုင်နှုန်း၊ ချေးငွေနှင့် အပ်ငွေ အချိုးသည် ၂ ဒသမ ၉၉ ရာခိုင်နှုန်း၊ ချေးငွေနှင့် စုစုပေါင်း ရရန် ပိုင်ခွင့်အချိုးသည် ၁ ဒသမ ၉၈ ရာခိုင်နှုန်း၊ မတည်ငွေရင်း လုံလောက်မှု အချိုးသည် ၁ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး တိုးတက်လာသည်ကို တွေ့ရှိရကြောင်း လည်း လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.