Connect with us

Politics, Law & Military

လူ့အခွင့်အရေးကို အထူးဂရုစိုက်ထိန်းသိမ်းပေးရန် နိုင်ငံတော်သမ္မတ ညွှန်ကြား

နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးစဉ်(ဓါတ်ပုံ-နိုင်ငံတော် သမ္မတရုံး)

 

နေပြည်တော်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

လူ့အခွင့်အရေးကိုကာကွယ်မြှင့်တင်နိုင်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီရေးတို့ပါ ကျွဲကူးရေပါအလိုလိုထိန်းသိမ်းစောင့်ရှောက်နိုင်သောကြောင့် လူ့အခွင့်အရေးကို အထူးဂရုစိုက်ထိန်းသိမ်းပေးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဇန်နဝါရီ ၂၄ ရက်၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့်တွေ့ဆုံစဉ် ညွှန်ကြားခဲ့ကြောင်း  နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရသိရသည်။

လူ့အခွင့်အရေးသည် ယခုနိုင်ငံတော်ကတည်ဆောက်နေသည့်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့်လည်းဆက်စပ်နေကြောင်း၊ ဒီမိုကရေစီအရေး၊လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးသည်သုံးပွင့်ဆိုင်ချိတ်ဆက်နေကြောင်း၊ တစ်ခုချိုးဖောက်ခံရပါကအခြားနှစ်ခုပါ ချိုးဖောက်ခံရခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဆိုသည်။

ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး နိုင်ငံသူနိုင်ငံသားများကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်၊ ဗဟုသုတကြွယ်ဝအောင်၊ လူ့အခွင့်အရေးများကာကွယ်စောင့်ရှောက်နိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ထို့ပြင် ရဲစခန်း၊ရဲအချုပ်စခန်း၊ ရဲဘက်စခန်းနှင့်အကျဉ်းစခန်း၊ အကျဉ်းထောင်များ၊ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများကိုစနစ်တကျ ကြည့်ရှုစစ်ဆေးသွားရန် လိုအပ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဦးလှမြင့်က ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်၍ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်းကောင်း၊ အဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာသန်းမြင့်၊ ဦးကျော်မြင့်၊ ဒေါက်တာတင်မောင်မောင်သန်းနှင့် ဦးပေါ်လွင်စိန်တို့ကကဏ္ဍအလိုက် ရှေ့ဆက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်းရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးကိုအဆင့်ဆင့်တိုးတက်ပြောင်းလဲလာရန်၊ နိုင်ငံသူနိုင်ငံသားများ၏ အခွင့်အရေးများကိုရရှိခံစားနိုင်ရေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ထိုသို့ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ရန်လိုအပ်ကြောင်း နိုင်ငံတော် သမ္မတက လမ်းညွှန်မှာကြားခဲ့သည်။၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၄ ရက်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယခင်  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟောင်းကို ဖျက်သိမ်းကြောင်း နိုင်ငံတော် သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)