Connect with us

Politics, Law & Military

၁၉ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ၉ ချက် သဘောတူဆုံးဖြတ်

၁၉ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေးအား ယနေ့တွင် နေပြည်တော်၌ ကျင်းပစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ)

၁၉ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေးတွင် ဆုံးဖြတ်ချက် ၉ ချက် သဘောတူ ဆုံးဖြတ်နိုင်ခဲ့ကြောင်း အစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “UPDJC အစည်းအဝေးမှာ သဘောတူ ဆုံးဖြတ်ချက် အားလုံးပေါင်း ၉ ချက် ၊ မှတ်တမ်း ၁ ချက် ရရှိပါတယ်။ ညီလာခံနဲ့ ပတ်သတ်လို့ပေါ့ ။ အထူးသဖြင့် ညီလာခံမှာ ကျင်းပမယ့် ရက်တွေ ၊ ညီလာခံတက်ရောက်မယ့် ကိုယ်စားလှယ်တွေ ၊ UPDJC ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း အဖွဲ့ဝင်တွေ အစားထိုး တာဝန်ပေးတဲ့ဟာပေါ့။ 

ဥပမာ ဖဒိုမန်းငြိမ်းမောင်က UPDJC က အဖွဲ့ဝင် မရှိတော့တဲ့အတွက် သူ့အစား KNU က အဖွဲ့ဝင် အစားထိုးတာ ။ နောက်တစ်ခုက ပြီးခဲ့တဲ့ ၉ ကြိမ်မြောက် JICM ဆုံးဖြတ်ချက်တွေကို UPDJC မှာ မှတ်တမ်းတင်တာ။ညီလာခံမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ရဲ့ အပိုင်း ၁ ၊ အပိုင်း ၂ ၊ အပိုင်း ၃ ဒါတွေကိုလည်း ညီလာခံကို တင်သွင်းဖို့ ကိစ္စတွေ ၊ နောက်တစ်ခုက ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ရဲ့ အပိုင်း ၁ မှာ ပါတဲ့ UPDJC နဲ့ သက်ဆိုင်တဲ့ အပိုင်းပေါ့ ။ ဒီအပိုင်းမှာတော့ UPDJC မှာ ပါဝင်တဲ့ နိုင်ငံရေး ပါတီတွေက ဆောင်ရွက်မယ့် အခန်းကဏ္ဍနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ သဘောတူညီချက် ရပါတယ်။ အဲဒီတော့ ညီလာခံမှာ UPDJC နဲ့ JMC အစီရင်ခံစာ တင်သွင်းရေး ကိစ္စတွေမှာလည်း သဘောတူ ဆုံးဖြတ်ပါတယ်။ နောက် ညီလာခံမှာ တာဝန်ယူမယ့် သဘာပတိ အဖွဲ့ဝင်တွေပေါ့။ သဘောပတိ အဖွဲ့ဝင်တွေကိုလည်း အတည်ပြုနိုင်ပါတယ်။ နောက် ညီလာခံနဲ့ ပတ်သတ်လို့ လုပ်ငန်း တာဝန် ခွဲဝေမှုတွေ ၊ ညီလာခံမှာ ညီလာခံ ကိုယ်စားလှယ်တွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ဒါ UPDJC က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးတွင် အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

၁၉ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေးအား ယနေ့ ဩဂုတ် ၁၇ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ ပြုလုပ်ခဲ့ပြီး အစိုးရ ၊ လွှတ်တော် ၊ တပ်မတော်မှ ခေါင်းဆောင်များ ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ၊ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် UPDJC ၏ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံဖွံ့ဖြိုးရေး နှင့် နိုင်ငံတည်ဆောက်ရေး ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှင့် ဖက်ဒရယ် တည်ဆောက်ရေး ၊ နောက်ဆုံး ပြည်ထောင်စုတိုင်းရင်းသား ပြည်သူအားလုံး၏ အနှစ်နှစ်အလလ မျှော်လင့်ခဲ့ကြသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးအတွက် စတင်လျှောက်လှမ်းနိုင်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို နည်းလမ်းရှာပြီး ပုံဖော်ပေးထားသည်မှာ (၂၁)ရာစုပင်လုံ၊ စတုတ္ထအစည်းအဝေးတွင် မိမိတို့ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၃) ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

၁၉ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဒီစာချုပ်ဟာ ကျွန်မတို့နိုင်ငံရဲ့ အနှစ်နှစ်အလလ နိုင်ငံရေး ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် လုပ်ငန်းစဉ်တစ်ရပ်ကို စတင်ဖန်တီး ပေးလိုက်တာပဲဖြစ်ပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် သမိုင်းဝင်မယ့် ပဋိညာဉ် တစ်ရပ် ဖြစ်လာတော့မယ့် ဒီစာချုပ်ကို လာမယ့် ညီလာခံမှာ လက်မှတ်ရေးထိုး ချုပ်ဆို နိုင်ရေးအတွက် ကျွန်မတို့ UPDJC အနေနဲ့ ဆက်လက် ကြိုးပမ်း အားထုတ်ကြရဦးမှာ ဖြစ်ပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက “ကျွန်တော်တို့ UPDJC ရဲ့ အဓိကတာဝန်က NCA စာချုပ်အရ အကောင်အထည်ဖော်ဆောင်ရွက်နေသော “နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ဦးဆောင်လမ်းညွှန်ကြီးကြပ်” ဖို့ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ရဲ့ ရည်မှန်းချက်၊ ဦးတည်ချက်ကလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန် ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီနိုင်ငံရေးဦးတည်ချက် နဲ့အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်နေသော ဒီမိုကရေစီအခြေခံမူများနှင့် ဖက်ဒရယ်အခြေခံမူများ ဖော်ထုတ် ရေးက ကျွန်တော်တို့ UPDJC ရဲ့ တာဝန် ဖြစ်ပါတယ်။”ဟု အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ ၁၉ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေးတွင် UPDJC ဒုတိယ ဥက္ကဋ္ဌ ၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက “ဒီကနေ့ UPDJC အစည်းအဝေးမှာ ဆုံးဖြတ်ချက်ပေါင်း ၉ ချက်ကို တစ်ညီတစ်ညွတ်တည်း သဘောတူ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်တွေဟာ လာမယ့် ဩဂုတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးတွေ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဓိက တာဝန်ယူရတဲ့ UPDJC ရဲ့ သန္နိဌာန်ကို ဖော်ပြနေတယ်လို့ ဆိုနိုင်ပါတယ်။”ဟု နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ဒီကနေ့ UPDJC အစည်းအဝေးမှာ  သဘောတူခဲ့ကြတဲ့ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း ၃ မှာ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ၁၅ ချက် ၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန် အခြေခံမူ ၅ ချက် အပြင် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ် နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုဆိုင်ရာ ဇယားတစ်ခုတို့ ပါဝင်လာကြမှာ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ အလွန်မှာ ဘယ်အစိုးရပဲ တက်လာသည် ဖြစ်စေ အဆင်သင့် ဖော်ဆောင်သွားနိုင်မယ့် အဆင့်လိုက် လုပ်ငန်းစဉ် တစ်ရပ် ပေါ်ထွက်လာခြင်းဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး အတွက် ထူးခြားလေးနက်တဲ့ မှတ်တိုင် တစ်ခု အဖြစ် တည်ရှိနေတော့မှာ ဖြစ်ပါတယ်။”UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။

၁၉ ကြိမ်မြောက် UPDJC အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္တအစည်းအဝေး ကျင်းပမည့်ရက် နှင့် ညီလာခံကိုယ်စားလှယ် ဦးရေ သတ်မှတ်အတည်ပြုခြင်း ၊ UPDJC အဖွဲ့ဝင် အစားထိုး ပြောင်းလဲတာဝန်ပေးအပ်ခြင်း ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္တအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကိစ္စ ၊ ညီလာခံတွင် UPDJC နှင့် JMC အစီရင်ခံစာများ တင်သွင်းရေး ကိစ္စ စသည်တို့ကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117