Connect with us

Politics, Law & Military

ရန်ကုန် အခြေစိုက် သံရုံး ၉ ခု၏ ပူးတွဲ ကြေငြာချက်ပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်

ရန်ကုန် ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြား သံရုံး ၉ ခုမှ ပူးတွဲ ကြေငြာချက် ထုတ်ပြန်ခဲ့သည်နှင့် ပတ်သက်၍ အားပေး ထောက်ခံမှုကို အသိအမှတ် ပြုသကဲ့သို့အပြုသဘော မဆောင်သည့် မလိုလားအပ်သော အခြေအနေများ ဖြစ်ပေါ် စေနိုင်သည်ကို စိုးရိမ်မကင်း ဖြစ်မိပါကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယမန်နေ့စက်တင်ဘာလ ၁၇ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ သိမ်မွေ့ နက်နဲသည့် အချိန်အခါတွင် ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းသည် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အေးချမ်း ကောင်းမွန်သည့် ပတ်ဝန်းကျင် တစ်ရပ်ကို ကြိုးစား ဖန်တီးနေကြသည့် မြန်မာ ပြည်သူများ၏ ကြိုးပမ်း အားထုတ်မှုများကို လျစ်လျူပြုရာ ရောက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ပူးတွဲ ကြေညာချက်ပါ ပြည်သူ များအကြား အထင်အမြင် လွဲမှားမှုများကို ဖြစ်ပေါ် စေနိုင်သည့် ဖော်ပြချက်များကို ပြတ်ပြတ်သားသား ဆန့်ကျင် ပယ်ချပါကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပူးတွဲ ကြေညာချက်တွင် ဖော်ပြပါရှိသော နိုင်ငံများ၏ စိုးရိမ်မကင်း ဖြစ်ရသည်ဆိုသည့် အကြောင်းတရားများ ကြောင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် ကိစ္စရပ်ကြီးငယ်များကို တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဘက်လိုက် ခွဲခြားမှုမရှိဘဲ တရားမျှတစွာ ဖြေရှင်းပေးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ စီမံ ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ တစ်ဝန်း၌ ရွေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်ရေး လုပ်ငန်းစဉ်နှင့် မဲဆွယ် စည်းရုံးရေး ကာလအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကို အထူး အလေးပေး ဆောင်ရွက်နေ ချိန်တွင် ပူးတွဲ ကြေညာချက်သည် ဘာသာရေး၊ လူမျိုးရေးအရ အထင်အမြင် လွဲမှားမှုများ၊ သံသယများ ပေါ်ပေါက်စေနိုင်သည့် တစ်ဖက်သတ် သုံးသပ် ဖော်ပြချက်များ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့အခြေစိုက် သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်၊ ဆွီဒင်၊ ဗြိတိန်နှင့် အမေရိကန်သံရုံးများမှ ပူးတွဲကြေညာချက် တစ်ခုကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)