Connect with us

Politics, Law & Military

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှု အဆုံးအဖြတ် ရယူခြင်းကို နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်ပွဲ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်မည်ဟုဆို

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၄ ရက်(ဆင်ဟွာ)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းများအပေါ် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ စဉ်က လုပ်ငန်းစဉ်များအတိုင်း အခြေခံ၍ ဆန္ဒမဲ လက်မှတ် အသုံးပြုပြီး လျှို့ဝှက်စွာ ဆန္ဒပြုသည့် နည်းလမ်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ယနေ့ ပြောကြားခဲ့သည်။

“လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူခြင်း အစီအစဉ်မှာ လွှတ်တော်ရုံး ဝန်ထမ်းအဖွဲ့ ရှစ်ဖွဲ့ရဲ့ ဆောင် ရွက်မှု အပေါ် တစ်ဖွဲ့လျှင်လေးဦးနှုန်းနဲ့ ကြီးကြပ် စောင့်ကြည့်နိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ် ၃၂ ဦးရဲ့ အမည်စာရင်းကိုလည်း နိုင်ငံရေး ပါတီ အစုအဖွဲ့အလိုက် သင့်တော်တဲ့ အင်အား သတ်မှတ် တောင်းခံ ထားပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် – ၁၂ ဦး၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် – ရှစ်ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ – ငါးဦး၊ ရခိုင်အမျိုးသား ပါတီ – နှစ်ဦး၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ် – နှစ်ဦး၊ တအာင်းပလောဝ် အမျိုးသားပါတီ – တစ်ဦး၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ – တစ်ဦး၊ ပအိုဝ်း အမျိုးသားအဖွဲ့ပါတီ – တစ်ဦး ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူခြင်း အစီအစဉ် စတင်မယ့် ရက်မှာ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးချင်း အလိုက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် အသေးစိတ်ကို ထပ်မံ ရှင်းလင်း ပြောကြားပေး သွားမှာ ဖြစ်ပါတယ်” ဟုလည်း နာယကက ဆိုသည်။

လျှို့ဝှက်ဆန္ဒမဲများ ပေးရမည့် အစီအစဉ်နှင့် ပတ်သက်ပြီး လွှတ်တော်နာယက ဦးတီခွန်မြတ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းများ လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံ စာ၏ နောက်ဆက်တွဲ ဇ(၁)၊ ဈ(၁) တို့ပါ ဥပဒေ မူကြမ်းများ၏ ပြင်ဆင်ချက် ဇယားများ ဖြစ်သော နောက်ဆက်တွဲ ဇ(၂)၊ ဈ(၂) ဇယား နှစ်ခုပါ ပြင်ဆင်ချက်များအပေါ် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း အစီအစဉ်ကို မတ်လ ၁၀ ရက်နေ (၁၀ – ၃ – ၂၀၂၀) မှာ စတင်ဆောင်ရွက်ရန်လျာထား ကြောင်း၊  ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (က)နှင့် သက်ဆိုင်သော ပြင်ဆင်ချက် ပုဒ်မ ပုဒ်မခွဲ ၅၅ ခု ပါဝင်သည့် ဥပဒေမူကြမ်း၏ ပြင်ဆင်ချက် ဇယား နောက်ဆက်တွဲ ဇ(၂)ကို အပိုင်း လေးပိုင်း၊ ဆန္ဒမဲ လက်မှတ် လေးစောင် ခွဲခြားပြီးလည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (ခ)နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက် ပုဒ်မ ပုဒ်မခွဲ ၈၀ ခု ပါဝင်သော ဥပဒေမူကြမ်း ၏ ပြင်ဆင်ချက် ဇယား နောက်ဆက်တွဲ ဈ(၂)ကို အပိုင်း ငါးပိုင်း၊ ဆန္ဒမဲ လက်မှတ် ငါးစောင် ခွဲခြားပြီး လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စုစုပေါင်း ဆန္ဒမဲ လက်မှတ် ကိုးစောင်အတွက် တစ်စောင်ချင်းစီတွင်ပါဝင်မည့် ပုဒ်မ ပုဒ်မခွဲ များအတွက် အသေးစိတ်နမူနာ ပုံစံများကိုလည်း လွှတ် တော် ကိုယ်စားလှယ် အားလုံးထံ ဖြန့်ဝေထားကြောင်း၊ ဥပဒေ မူကြမ်းများပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (က)နှင့် သက်ဆိုင်သော ပြင်ဆင်ချက်များ အတွက် အဆုံးအဖြတ် ရယူခြင်း လေးကြိမ်နှင့် ပုဒ်မခွဲ (ခ) နှင့် သက်ဆိုင်သော ပြင်ဆင်ချက်များအတွက် အဆုံး အဖြတ် ရယူခြင်း ငါးကြိမ်ခွဲပြီး ဆောင်ရွက်ရန် လျာထားကြောင်း၊ ထူးခြားမှု တစ်ခုအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၄၃၆ ပုဒ်မခွဲ (က)တွင် အကျုံးဝင်သည့် ပုဒ်မ ၅၉ ပုဒ်မခွဲ(ဂ) အတွက် ပြင်ဆင်ချက် နှစ်ခု ပါရှိကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေထားသော နမူနာ ပုံစံ ဆန္ဒမဲ လက်မှတ် (၂)၏ အမှတ်စဉ် (၁)တွင် တွေ့ရှိနိုင်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးချင်းအနေဖြင့် ပြင်ဆင်ချက် နှစ်ခုလုံးကို ဆန္ဒပြု ရမည်ဖြစ်ကြောင်း၊  ပြင်ဆင်ချက် နှစ်ခုလုံးအတွက် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ မဲ ရရှိခဲ့လျှင် ထောက်ခံမဲ ပိုများသည့် ပြင်ဆင်ချက်ကို အတည်ပြုမည် ဖြစ်ကြောင်းကို ကြိုတင်မှာကြား လိုကြောင်း။ ထို့အပြင် နမူနာ ပုံစံ ဆန္ဒမဲ လက်မှတ်များကို ကျောကပ် ဖြန့်ဝေထားသော်လည်း အဆုံးအဖြတ် ရယူမည့် ဆန္ဒမဲ လက်မှတ်များကိုမူ စာမျက်နှာ တစ်ဖက်သာ အသုံးပြု ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ အားလုံးက ဥပဒေ၊ နည်းဥပဒေများနဲ့ အညီ ပူးပေါင်း ပါဝင်ပြီး ကူညီ ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ အားလုံးက ပူးပေါင်း ဆောင်ရွက်ပေးကြ လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ရှင်းလင်း ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းများအား လွှတ်တော် ကိုယ်စားလှယ် ၁၄၉ ဦးတို့၏ ဆွေးနွေးခြင်း အစီအစဉ်သည် ယနေ့ အထိ ၁၂၅ ဦးတို့ ဆွေးနွေးခဲ့ ကြပြီး မူလ လျာထားချက်အရ မနက်ဖြန်၊ မတ်လ ၅ ရက်၌ ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။  (Xinhua)