Connect with us

Politics, Law & Military

မန္တလေးမြို့သို့ ပို့ဆောင်မည့် ကျပ် ၁.၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူများအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ်မှ မန္တလေးမြို့သို့ ပို့ဆောင်မည့် ငွေကျပ် ၁.၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC Myanmar)က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ရွာငံမြို့နယ်၊ ရွာငံ-ကျောက်ဆည် သွားကားလမ်း၊ ကျောက်ဂူပြင်ကျေးရွာ အနီးတွင် ဇန်နဝါရီ ၄ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရထားသော ၁၂ ဘီးမော်တော်ယာဉ်တစ်စီးအား စစ်ဆေးရှာဖွေရာ ယာဉ်မောင်း နှင့် ယာဉ်ပေါ်လိုက်လာသူတို့နှင့်အတူ ယာဉ်၏နောက်ဘော်ဒီ အရှေ့ပိုင်းတွင် အံဝှက်ပြုလုပ်၍ ထည့်သွင်းသယ်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ ဘိန်းဖြူ ၁၂.၅၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀,၀၀၀ ပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ နောင်ချိုမြို့နယ်၊ မိုင်တိုင်အမှတ်(၈၀/၄)အနီးတွင် မူးယစ်ဆေးဝါးများသယ်ဆောင်ခိုင်းသူ နှစ်ဦးအား မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ယာဉ်ပေါ် ပါရှိသူ နှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ စုစုပေါင်း ၄ ဦးအား ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)