Connect with us

Politics, Law & Military

မဲစာရင်း မမှားရန် ကျောက်တံတားမြို့နယ်ကို စံပြစမ်းသပ်မည်

ပြည်သူ့လွှတ်တော် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၃၀ ရက် (ဆင်ဟွာ)

လာမည့် ရွေးကောက်ပွဲများတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကဲ့သို့မဲစာရင်းများ မှားယွင်းမှုမျိုး မဖြစ်ပွား စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်အား စံပြ စမ်းသပ်ဒေသအဖြစ် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“၂၀၁၅ ခုနှစ်တုန်းက စာရင်းကောက်ခဲ့တာထက် ပိုပြီး ပြည့်စုံပြီး စနစ်ကျတဲ့ door to door စနစ်နဲ့ကောက်ယူသွားမှာပါ။ ကျောက်တံတားမြို့နယ်ကို စံပြ စမ်းသပ်နယ်မြေ အဖြစ် စာရင်းကောက်သွားဖို့ ပြီးခဲ့တဲ့ မေလ ဆန်းကတည်းက စီစဉ်နေပါတယ်။ အခု ဒီမေးခွန်းကို မမေးခင်ကတည်းက စီစဉ်ထားတာပါ” ဟု ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မျိုးထက်၏ မဲစာရင်း အမှားများနှင့် ပတ်သက်သည့် အမေးကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် လာမည့် ရွေးကောက်ပွဲများတွင် မဲစာရင်း မှန်ကန်စေရေးအတွက် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြုစုခဲ့သော မဲစာရင်းများကို အခြေခံ၍ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး မဲစာရင်းများကို အိမ်တိုင်ရာရောက် ကောက်ယူသွားမည် ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ မဲဆန္ဒရှင် ပြည်သူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးလှတင့်က ပြည်သူ့လွှတ်တော်သို့ရှင်းပြသည်။

ထိုသို့မဲဆန္ဒရှင် ပြည်သူများ ပူးပေါင်းပါဝင်နိုင်ရေးအတွက် ရေဒီယို၊ ရုပ်သံများမှလည်းကောင်း၊ ဗီနိုင်း ပိုစတာများ ကပ်ထား ကြေညာ၍လည်းကောင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ၍လည်းကောင်း လှုံ့ဆော်စည်းရုံးသွားမည် ဟုလည်း သူကပြောသည်။

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ထိုစဉ်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ အစီအစဉ်ဖြင့် မဲစာရင်းမှန်ကန်ရေးအတွက် သုံးကြိမ်တိုင်တိုင် ကောက်ယူခဲ့သော်လည်း သုံးကြိမ်စလုံးမှားယွင်းခဲ့သည်။ ထိုသို့မှားယွင်းရခြင်းမှာ စာရင်းကောက်ယူရာတွင် အသုံးပြုခဲ့သည့် ကွန်ပျူတာစနစ်ကြောင့်ဟုလည်း ဦးတင်အေးက ဖြေရှင်းခဲ့သည်။

ထိုသို့မှားယွင်းခဲ့မှုကြောင့် မဲပေးခွင့်ရ အတည်ပြု စာရင်းတွင် သေဆုံးပြီးသူများ ပါဝင်လာခြင်း၊ တစ်မိသားစုထဲမှာပင် အသက် မပြည့်သေးသည့် ကလေးများက မဲပေးခွင့် ရနေပြီး လူကြီးများက မပါခြင်း၊ မှတ်ပုံတင်၊ အသက်၊ အဖအမည် … … စသည့် အရေးကြီးသော အချက်အလက်များ မှားယွင်းဖော်ပြထားခြင်း စသည်တို့ကြောင့် အချို့ပြည်သူတို့ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ကို မေးခွန်းမေးမြန်းသည့် ကိုယ်စားလှယ် ဦးနေမျိုးထက်၏ မဲဆန္ဒနယ် ကျောက်တံတားမြို့နယ်တွင်လည်း ကြုံခဲ့ရကြောင်း၊ နောင် ရွေးကောက်ပွဲများတွင် ထိုသို့မဖြစ်စေရန် ကော်မရှင် အနေဖြင့် မည်သို့ဆောင်ရွက်ထားသည်ကို သိလိုကြောင်း ပြည်သူ့လွှတ်တော်မှ တစ်ဆင့် မေးမြန်းခဲ့ခြင်းဖြစ်သည်။ (Xinhua)