Connect with us

Politics, Law & Military

ဒီရေတောများ ဖွဲ့စည်းပေးရန် အစိုးရအား တိုက်တွန်းကြောင်းအဆို လွှတ်တော်က လက်ခံ

ပြည်သူ့လွှတော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ၁၃ မိုင်အရှည် ပင်လယ်ကမ်းခြေတွင် ယခင်က ရှိခဲ့သည့် ဒီရေတောများ ပျက်စီးသွားသဖြင့် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကို ဆိုးရွားစွာ ကြုံခဲ့ရပြီး နောက်ပိုင်း ပို၍ ပျက်စီးလာသည့် ဒီရေတော အခြေအနေအရ ယခင်ထက်ပိုပြီး သဘာဝဘေးဒဏ် ခံစားရနိုင်ကြောင်း ဒေသခံပြည်သူတို့ စိုးရိမ်သောက ရောက်နေ သည့် အတွက် ဒီရေတောများ ပြန်လည် ဖွဲ့စည်းပေးဖို့ ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လက်ခံ ဆွေးနွေးရန် ပြည်သူ့လွှတ်တော်က ယနေ့ အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၉၄ ခုနှစ် မတိုင်မီက ဒီရေတောဧက ၁၂ သိန်းခန့်ရှိခဲ့သဖြင့် ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတော အကျယ်ပြန့်ဆုံး နိုင်ငံဖြစ်ခဲ့သည်။

သို့ရာတွင် ၁၉၉၄ ခုနှစ် နောက်ပိုင်း ထင်းခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း၊ စိုက်ပျိုးမြေ ပြုလုပ်ခြင်း၊ ငါး ပုဇွန်ကန်များ လူနေအိမ်များ ထူထောင်ခြင်းတို့ကြောင့် ယခင်ထက် ၉၀ ရာနှုန်းခန့်လျော့ကျသွားကာ မုန်တိုင်းရန် ကာကွယ်ခြင်းအပါအဝင် ဒီရေတော၏ အကျိုးတရားများ ပျောက်ဆုံးကာ ပြည်သူတို့စိုးရိမ်ကြောက်လန့်မှု များ ပေါ်ပေါက်လာခြင်းကြောင့် ယခုအဆိုကို တင်သွင်းရခြင်းဖြစ်သည်ဟု အဆိုရှင် ဒေးဒရဲ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်ညိုက ပြည်သူ့လွှတ်တော်သို့ ရှင်းပြသည်။

“၂၀၀၈ နာဂစ်မုန်တိုင်းတုန်းက ပင်လယ်ကွေ့ကမ်းစပ် ၁၄ ရွာမှာ ဒီရေတော မရှိခဲ့ခြင်း၊ ကမ်းပတ်တာ အားနည်းခဲ့ခြင်း ကြောင့် တချို့ရွာတွေက ရွာလုံးကျွတ်နီးပါးပျက်စီးပြီး အသေအပျောက် များခဲ့ပါတယ်။ ဒေးဒရဲမြို့နယ်မှာ လူလေးထောင်ခန့်သေဆုံးတဲ့အထဲမှာ ကမ်းစပ်ရွာတွေက ၁၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အဲဒီတစ်ချိန်တည်းမှာ ဘိုကလေးမြို့မိန်းမလှကျွန်းကတော့ ထူထပ်တဲ့ ဒီရေတော ရှိလို့အပျက်အစီးနည်းခဲ့ပါတယ်။ ဒါကြောင့် ဒေသခံ ရွာသားတွေဟာ ဘဝတွေနဲ့ရင်းပြီး ဒီရေတော တန်ဖိုးကို သဘောပေါက်ကြပါတယ်” ဟု သူမက ပြောသည်။

ဒီရေတောသည် ပင်လယ်ကမ်းခြေ မြေပြိုများ၊ မုန်တိုင်းနှင့် ဆူနာမီလှိုင်းများကို ကာကွယ်ပေးရုံသာမက ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကို ထိန်းညှိပေးခြင်း၊ အမျိုးမျိုးသော ဇီဝမျိုးစေ့များ၏ သားပေါက်များကို ရှင်သန်ကြီးစေရန် စောင့်ရှောက်ပေးခြင်း၊ ငါး ပုစွန်တို့၏ ခိုနားရာ ဖြစ်ခြင်း၊ တိရစ္ဆာန်တို့၏ စားကျက်ဖြစ်ခြင်း၊ တံငါများအတွက် ဝင်ငွေကောင်းသော အဓိက အရင်းအမြစ်ဖြစ်ခြင်း၊ အနားယူမှုနှင့် ခရီးသွားလုပ်ငန်းအတွက် ကောင်းမွန်သည့် အရင်းအမြစ်ဖြစ်ခြင်း စသည့် ကောင်းကျိုးများ ပေးနိုင်ကြောင်းလည်း သူမက လွှတ်တော်သို့ရှင်းပြခဲ့သည်။

ထိုသို့အကျိုးကျေးဇူးများသော ဒီရေတောများ ပြန်လည် ဖွဲ့စည်းပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို ထောက်ခံသူ လေးမျက်နှာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်းက “နာဂစ်မုန်တိုင်းတုန်းက ဒီရေတော ရှိတဲ့ ဘိုကလေးမှာ သုံးဦးပဲ သေဆုံးခဲ့ပြီး ဒီရေတော မရှိတဲ့ ကျိန်ချောင်းကြီးရွာဆိုရင် ရွာလုံးကျွတ်နီးပါး သေဆုံးခဲ့ရတယ်။ ဒီရေတောတွေ ပြန်စိုက်တာကို ပြည်တွင်း ပြည်ပ NGO တွေ ဆောင်ရွက်နေပေမယ့် မအောင်မြင်ဘူး။ ဒါကြောင့် ပြည်ထောင်စု အစိုးရအနေနဲ့ထိရောက်တဲ့ ဥပဒေတွေ ပြဌာန်းပြီး အမျိုးသားရေး တာဝန် တစ်ရပ် အနေနဲ့စနစ်တကျ ထိန်းသိမ်းမှုကို တစ်နိုင်ငံလုံးမှာ ဆောင်ရွက်စေလိုပါ တယ်” ဟု ထောက်ခံရင်း အကြံပြုခဲ့သည်။

ထိုအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ကြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဇွန်လ ၂ ရက်နေ့ နောက်ဆုံးထား အမည်စာရင်း တင်သွင်းကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်သို့ပြောကြားခဲ့သည်။ (Xinhua)