Connect with us

Politics, Law & Military

မြစ်ကြီးနားမြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်ထံမှ သေနတ်လုယူရာမှ ကျည်ပေါက်ထွက်ပြီး လူငယ်တစ်ဦးသေဆုံးဟု တပ်မတော်ထုတ်ပြန်

လုံခြုံရေးတပ်ဖွဲ့ဝင်ထံမှ သေနတ်လုယူရာမှ လူငယ်တစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး သက်သေများကို စစ်ဆေးနေစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအနီး၌ တံတားလုံခြုံရေးယူထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ သေနတ် လုယူခဲ့ရာမှ ကျည်ပေါက်ထွက်ပြီး လူငယ်တစ်ဦးသေဆုံးမှု ဇွန်လ ၂၀ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ သေဆုံးမှုဖြစ်စဉ်တွင် ထိုနေ့ညက မြစ်ကြီးနားမြို့နေ မောင်စီစာရပ်၊ မောင်ဝင်းမျိုးသန့်၊ မနွေးနွေး၊ မနန်းလေးတို့ ၄ ဦးသည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားဘက်ခြမ်း မှ ဆိုင်ကယ်စီး၍ ဗလမင်းထင်တံတားအားဖြတ်သန်းပြီး မြစ်ကြီးနားဘက်သို့ ပြန်လည် မောင်းနှင်လာခဲ့ရာ စီတာပူရပ်ကွက်သို့ ရောက်ရှိစဉ် အမည်(စိစစ်ဆဲ) လူ ၈ ဦးက ၎င်းတို့ စီး နင်းလာသည့် ဆိုင်ကယ်အားလုယူရန် နှောင့်ယှက်ခဲ့သောကြောင့် အနှောင့် အယှက်ခံရသူ ၄ ဦးက နယ်မြေခံတပ်မှ လုံခြုံရေးရယူထားသည့် ဗလမင်းထင် တံတားလုံခြုံရေးဂိတ်(စီတာပူ)ဘက်ခြမ်းသို့ ရောက်ရှိလာကာ အကူအညီတောင်းခံခဲ့သဖြင့် လုံခြုံရေးစစ်သည် ၂ ဦးမှ လိုက်ပါကူညီပြီး စိတ်ချရသည့်နေရာအထိ ပို့ဆောင်ပေးခဲ့သည်။

ယင်း လုံခြုံရေးစစ်သည် ၂ ဦး တာဝန်ကျဂိတ်သို့ပြန်လာစဉ် လူငယ် ၄ ဦးအား နှောင့်ယှက်ခဲ့သည့် အမည်စီစစ်ဆဲလူ ၈ ဦးက စစ်သည် ၂ ဦးအား လုံးထွေးထိုးကြိတ်ခဲ့ပြီး သေနတ်အား လုယက်ခဲ့၍ စစ်သည်တစ်ဦးကိုင်ဆောင်သော သေနတ်မှ ကျည်ပေါက်ထွက်မှု ဖြစ်ပွားကာ လူတစ်ဦးကျည်ထိမှန်သေဆုံးခဲ့ပြီး ကျန်လူများထွက်ပြေးတိမ်းရှောင် လျက်ရှိကြောင်း သိရသည်။

ထိုဖြစ်စဉ်ကြောင့် စစ်သည် ၂ ဦးသည် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပြီး နယ်မြေခံတပ်၌ ဆေးကုသမှု ခံယူလျက်ရှိကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ သေနတ်ကျည်ပေါက်ထွက်ခဲ့သည့် တပ်သားမောင်မောင်သည် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ် တပ်ရင်း ၇၂၇ မှ ဖြစ်ပြီး ၎င်းကို မြစ်ကြီးနား အမှတ် ၁ ရဲစခန်းက လူသေစေမှု ပုဒ်မ ၃၀၄ ဖြင့် အမှုဖွင့်ထားကြောင်း မြစ်ကြီးနားရဲစခန်းမှ အရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် အမှတ် ၁၀၇၊ နယ်မြေ ၁၊ ကျွန်းပင်သာရပ်ကွက်တွင် နေထိုင်သူ မောင်ဂွမ်ဆိုင်းအောင်မှာ သေနတ်ကျည်ဆံ ထိမှန်ကာ သေဆုံးခဲ့သည်။ (Xinhua)