Connect with us

Politics, Law & Military

မြန်မာ-ထိုင်း အငြင်းပွား နယ်နိမိတ် ပြန်မသတ်မှတ်ရသေးမီ ဘုရားသုံးဆူဂိတ် ဖွင့်မည် မဟုတ်

ပြည်သူ့ လွှတ်တော် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

၂၀၀၇ ခုနှစ်မှစပြီး ၁၀ နှစ်ကြာ ပိတ်ထားသည့် မြန်မာ-ထိုင်း နယ်စပ်ရှိ ဘုရား သုံးဆူ မြို့ နယ်ခြားဂိတ်ကို ပြန်လည် ဖွင့်လှစ်ရန် အစီအစဉ် မရှိသေးကြောင်း၊ နိုင်ငံတကာ ဥပဒေအရ အတိအကျ တိုင်းတာ သတ်မှတ် မှု မပြုလုပ်ရသေးသည့် ဘုရားသုံးဆူ နယ်စပ်ဒေသ အငြင်းပွား နယ်နိမိတ်ကိစ္စအား ပြီးပြတ် အောင် မဆောင်ရွက်ရသေးသောကြောင့် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“ဘုရားသုံးဆူဒေသရှိ နှစ်နိုင်ငံ အငြင်းပွား နယ်နိမိတ်တွင် နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်ပါက လက်ရှိ မြေပြင်တွင် ရှိနေသည့် နယ်နိမိတ်ကို အသိအမှတ်ပြုရာ ကျရောက်နေသဖြင့် မိမိပိုင်နယ်မြေများ ဆုံးရှုံးနိုင်ကြောင်း နဲ့အဆိုပါ ကိစ္စကို ပြီးပြတ်အောင် ဖြေရှင်းပြီးမှသာ နယ်စပ်ကုန်သွယ်ရေး နှင့် နယ်စပ် ဖြတ်ကျော်ရေး ကိစ္စများ ဆောင်ရွက်သင့်ကြောင်း သက်ဆိုင်ရာ ဌာနများက ဆွေးနွေး ညှိနှိုင်း ဆုံးဖြတ်ထားပါတယ်။ မိမိ ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်ရေး ကဏ္ဍ ရှုထောင့် တစ်ခုတည်းသာမက သက်ဆိုင်ရာ ဌာနများ၏ လုပ်ထုံး လုပ်နည်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှသာ နယ်ခြား ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု `၎င်းက ပြန်ဖြေခဲ့သည်။

၁၉၉၃ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည့် ဘုရားသုံးဆူ နယ်ခြားဂိတ်သည် နှစ်နိုင်ငံ ကုန်စည် စီးဆင်းမှု ကောင်းမွန်စေခြင်း၊ ဒေသခံ ပြည်သူများ လုပ်ကိုင် စီးပွား အဆင်ပြေစေခြင်းနှင့် ရသင့်သည့် အခွန် အကောက်တို့ကို ရရှိစေခြင်း စသည့် အကျိုးများ ဖြစ်ထွန်းစေခဲ့ကြောင်း၊ ထိုဂိတ်အား ၂၀၀၇ မှစ၍ ယနေ့ထိ ဆယ်နှစ်ကြာ ပိတ်ထားခြင်းကြောင့် ကုန်စည် စီးဆင်းမှု ရပ်တံ့ခြင်း၊ ဒေသခံများ အလုပ်လက်မဲ့ဖြစ်ကာ စီးပွား ကျဆင်းခြင်း၊ တရားမဝင် မှောင်ခိုလမ်းကြောင်းများ၊ လာဘ်ပေးလာဘ်ယူ ကိစ္စများ ပေါ်ပေါက်လာပြီး အခွန်အကောက်များ မရတော့ခြင်းတို့ဖြစ်ပေါ်နေသဖြင့် ပြန်လည် ဖွင့်လှစ်ရန် အစီအစဉ် ရှိ မရှိ ဟူသည့် ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောတင်ဝင်း၏ အမေးကို ပြည်ထောင်စု ဝန်ကြီးက ဖြေကြားရာတွင် ထည့် သွင်းပြောကြားခြင်း ဖြစ်သည်။

၁၉၈၈ အောက်တိုဘာမှစ၍ နိုင်ငံတော်၏ လိုအပ်ချက်အရ မြန်မာ-တရုတ် နယ်စပ် (လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ်) မြို့များတွင် နယ်စပ်ကုန်သွယ်ရေး ရုံးများ ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၉၁ -၉၂ တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် (စစ်တွေ၊ ဘူးသီးတောင်၊ မောင်းတော ) မြို့များတွင် လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ် ( မြဝတီ၊ ကော့ကရိတ်၊ ကော့သောင်း၊ ထားဝယ်၊ မြိတ်၊ ကျိုင်းတုံ၊ တာချီလိတ်) ဒေသများတွင်လည်းကောင်း၊ မြန်မာ-အိန္ဒိယ နယ်စပ် )ကလေး၊ ကလေးဝ၊ တမူး၊ တီးတိန်) မြို့များတွင်လည်းကောင်း သွင်းကုန် ထုတ်ကုန် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၉၆ သြဂုတ် ၂၈ ရက်တွင် နယ်စပ် ကုန်သွယ်ရေးဦးစီးဌာန တရားဝင် ဖွဲ့စည်း၍ ကုန်သွယ်ရေး စခန်း ၁၆ ခု၊ ပို့ကုန် သွင်းကုန် ရုံးခွဲ လေးခု၊ စုစုပေါင်း ၂၀ ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ရှင်းပြခဲ့သည်။

ထို့အပြင် ဘုရားသုံးဆူ နယ်စပ်ဂိတ် ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်၊ ဖေဖော်ရီလတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ပြီး မြေပြင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း၊ ၁၉၉၀ ပြည့်လွန် နှစ်များ၌ မြန်မာအစိုးရဘက်က နယ်မြေ စိုးမိုးမှု ပြန်လည် ရယူချိန်တွင် ထိုင်းနိုင်ငံက မြန်မာပိုင် နယ်မြေများအတွင်း အဆောက်အအုံများ ဆောက်ထားသည့်အပြင် အဝေးပြေးကားလမ်းကိုပါ မြန်မာပိုင် နယ်နိမိတ်အတွင်းဖောက်လုပ်ထားခြင်းကို တွေ့ရကြောင်း၊ထိုင်းဘက်မှ ဒေသဖွံ့ဖြိုးရေး ကုန်သွယ်မှု တိုးမြှင့်ရေး အတွက် ဘုရားသုံးဆူဒေသတွင် နယ်စပ် ကုန်သွယ်စခန်းဖွင့် ရေးနှင့် နယ်စပ်ဂိတ် အဆင့်မြှင့်ရေးကို ၁၉၉၉ နှင့် ၂၀၀၂ ခုနှစ်တို့တွင် ထိုင်း-မြန်မာ ပူးတွဲနယ်နိမိတ်ကော်မတီသို့တင်ပြခဲ့ကြောင်း၊ သို့ရာတွင် မြန်မာဘက်မှ လက်မခံခဲ့ကြောင်း၊ လက်ရှိ အနေအထားတွင် ဘုရားသုံးဆူဒေသ၏ အခြေအနေမှာ အတိမ်းအစောင်းမခံသည့် မိမိ နယ်မြေ ဆုံးရှုံးနိုင်သော အခြေအနေ ဖြစ်ကြောင်း၊ ထိုသို့ အငြင်းပွားနေသည့် နယ်နိမိတ်ကိစ္စကို နှစ်ဘက် ညှိနှိုင်းဆောင်ရွက် မပြီးမချင်း ဘုရား သုံးဆူ ဂိတ်ကို ဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်းဖြင့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြည့်စုံစွာ ရှင်းပြခဲ့သည်။ (Xinhua)