Connect with us

Politics, Law & Military

ရုပ်/သံ ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်း ရေးဆွဲ အကောင်အထည် ဖော်ခြင်း အမြန်ဆုံး ဆောင်ရွက် သွားမည်ဟု ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်က ဆင်ဟွာသို့ပြောကြား

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်အား ဆင်ဟွာသတင်းဌာနမှ တွေ့ဆုံမေးမြန်းနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ယခင် အစိုးရသက်တမ်းတွင် ပြဌာန်းခဲ့သည့် ရုပ်မြင်သံကြား နှင့် အသံ ထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေအား ပြန်လည် သုံးသပ်ပြီး ဥပဒေကြမ်း ပြင်ဆင်ရေးဆွဲခြင်းအား အမြန်ဆုံး ရေးဆွဲ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ဇွန် ၉ ရက်တွင် ဆင်ဟွာ သတင်းဌာန နှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“အခု အစိုးရ ပြောင်းသွားတဲ့ အခါမှာ အစိုးရ ဖွဲ့စည်းပုံကလည်း ပြောင်းသွားတယ်။ဝန်ကြီးဌာနတွေ ပြောင်းသွား တဲ့အတွက်ကြောင့် နဂို ဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေနဲ့မညီညွှတ်တဲ့ အနေအထား လေးတွေ ရှိလာတယ်။ရှိလာတဲ့ အတွက် အဲဒီဥပဒေကို ပြန်လည် သုံးသပ် ပြင်ဆင်ဖို့လိုတယ်။ပြန်လည် သုံးသပ် ပြင်ဆင်ဖို့ကြတော့ ပြန်ကြားရေး ဝန်ကြီးဌာနကပဲ စတင်ပြီးတော့ ကျန်တဲ့ သက်ဆိုင်တဲ့ ဥပဒေရေးရာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ ၊ ရုပ်သံပိုင်း ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ ၊ မီဒီယာ ကိစ္စ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ပြီးတော့ ပြင်ဆင်မည့် မူကြမ်းကို ရေးဆွဲရမယ်။

မကြာခင် ရေးဆွဲဖို့ရှိပါတယ်။”ဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားခဲ့သည်။

ထိုရေးဆွဲထားသည့် ဥပဒေကြမ်းအား လွှတ်တော်သို့မတင်မီ အများပြည်သူ ၊ သတင်းမီဒီယာ ၊ လွှတ်တော် ကိုယ်စားလှယ်များ နှင့် ဥပဒေပိုင်း ဆိုင်ရာ ပုဂ္ဂိုလ်များ သိရှိအောင် ချပြ အကြံဉာဏ်များ ရယူ ဆောင်ရွက် သွားမည် ဖြစ်ပြီး အမြန်ဆုံး ဆောင်ရွက်နိုင်ရန် ကြိုးစားနေကြောင်း သိရသည်။
ရုပ်မြင်သံကြား နှင့် အသံ ထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေအား ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် အတည်ပြုပြဌာန်းခဲ့ခြင်း ဖြစ်သည်။

ယခု အစိုးရ၏ ပြည်သူကို မျက်နှာမူသော မူဝါဒ နှင့် အညီ ပြန်ကြားရေး ဝန်ကြီးဌာနသည် ပြည်သူနှင့် အပြန်အလှန် ဆက်ဆံသည့် မူဝါဒအား ပြောင်းလဲ ဆောင်ရွက်နေကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားခဲ့သည်။

“ပြန်ကြားရေး ဝန်ကြီးဌာန ရဲ့မီဒီယာတွေ ရှိတယ်။ပုံနှိပ်မီဒီယာ၊ ရုပ်သံ မီဒီယာတွေ ရှိတယ်။အဲဒါတွေက အရင်တုန်းက ပြည်သူတွေ နဲ့ဆက်ဆံမှုက ရှိပေမယ့် အရင်တုန်းက အစိုးရပိုင်းက ပြောချင်တဲ့ဟာတွေကို ပြည်သူကို ပြောတဲ့ အပိုင်းက ပိုပြီးတော့များတယ်။အခု ကျွန်တော်တို့ရဲ့မူဝါဒ ပြောင်းလဲတဲ့ အခါကြတော့ အစိုးရပိုင်းက ပြောစရာ ရှိတာတွေကိုလည်း ပြောဆိုသလို ပြည်သူဘက်က အသံတွေကိုလည်း ပြန်လည် နားထောင်မယ်ဆိုတဲ့ သဘောကို ကျွန်တော်တို့ပြောင်းပါတယ်။တစ်ဘက်သတ် ပြောတာ မဟုတ်ဘဲနဲ့အပြန်အလှန် ပြောဆိုမှုပါ။”ဟု ၎င်းက ပြောကြားသည်။

သတင်းမီဒီယာ လွတ်လပ်ခွင့် ၊ အရည်အချင်း မြှင့်တင်မှု အခြေအနေများနှင့် ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာနအပါအဝင် အဖွဲ့အစည်းအသီးသီးမှ ပူးပေါင်း ဆောင်ရွက်မှုများ ရှိသဖြင့် ရေးသားဖော်ပြမှုများ မှားယွင်း ချွတ်ချော်မှုများ တစ်ဖြည်းဖြည်း လျှော့နည်းသွားရန် မျှော်လင့်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားခဲ့သည်။

သတင်းမီဒီယာများတွင် ရေးသားဖော်ပြမှုများ မှားယွင်းမှုနှင့် ပတ်သက်၍ “စာနယ်ဇင်းများ ကြိုတင် စီစစ်မှု ခံယူဖို့ မလိုတော့ဘူးလို့သတ်မှတ်တဲ့ ၂၀၁၂ ခုနှစ် အချိန်ကာလ လောက်မှာ အဲဒီတုန်းက စာနယ်ဇင်း ကောင်စီ (ယာယီ) ကို သတင်းမီဒီယာ ဥပဒေနဲ့အညီ သတင်းမီဒီယာ ကောင်စီ တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။အဲဒီ သတင်း မီဒီယာ ကောင်စီမှာ သတင်းမီဒီယာတွေထဲမှာ ရေးသားတာ မှားယွင်းပြီး ရေးသားတာတို့၊ တစ်ဖက်စောင်းနင်း ရေးသားမှုကြောင့် ရေးသားခံရတဲ့သူမှာ ထိခိုက်နစ်နာတာတို့ရှိလာလို့ရှိရင် အဲဒီ ကောင်စီကို တိုင်ကြား နိုင်တယ်။

တိုင်ကြားလို့ရှိရင် ကောင်စီက သက်ဆိုင်ရာ စာနယ်ဇင်း ကျင့်ဝတ် ချိုးဖောက်သူ (သို့မဟုတ်) မှားယွင်းဖော်ပြသူ အဲဒီ စာနယ်ဇင်းကို ဖိတ်ခေါ်ပြီးတော့ ရေးသားဖော်ပြချက်တွေက ဘယ်လို မှားယွင်း တိမ်းစောင်းနေပါသလဲ ဆိုပြီးတော့ ဘယ်ပုဂ္ဂိုလ် ၊ ဘယ်အဖွဲ့အစည်းမှာတော့ ထိခိုက်နစ်နာမှု ရှိပါတယ်။ ဒါကြောင့်မို့လို့တိုင်ကြားမှု ရှိပါတယ်။ဒါကို ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတာမျိုး ညှိနှိုင်း ဆောင်ရွက်ပေးတဲ့ အလုပ်ကို လုပ်ပါတယ်။အခုလည်း သတင်းမီဒီယာ ကောင်စီ ရှိတဲ့ အတွက်ကြောင့် ကောင်စီက ရုပ်သံရော ၊ ပုံနှိပ်ရော အဓိက အကြောင်းအရာပေါ်မှာ မူတည်ပြီးတော့ ဖြစ်တဲ့ ကိစ္စတွေကို ဖြေရှင်းတဲ့ အတွက်ကြောင့် ရုပ်သံပိုင်းဆိုင်ရာ မှားယွင်းတာကိုလည်း ကောင်စီမှာ တိုင်ကြားလို့ရနိုင်တယ်။ပုံနှိပ်ပိုင်း ဆိုင်ရာ မှားယွင်းတာတွေကိုလည်း တိုင်ကြားလို့ရနိုင်တယ်။”ဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရပိုင် မီဒီယာများသည် အချိန် အတိုင်းအတာ တစ်ခုအထိ ဆက်လက် ရှိနေအုန်းမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားခဲ့သည်။

“အစိုးရမီဒီယာလို့ပြောနေတဲ့ ပုံနှိပ်နဲ့ရုပ်သံမီဒီယာတွေ ရှိပါတယ်။ဒါတွေကိုတော့ လောလောဆယ် အခြေအနေမှာ အစိုးရရဲ့စီးပွားရေး လုပ်ငန်းလို့မယူဆပါဘူး။အစိုးရတစ်ရပ်အနေနဲ့အများပြည်သူနဲ့ဆက်သွယ် ပေါင်းကူးဖို့အတွက် ပြန်ကြားရေး (သို့မဟုတ်) ပြည်သူ့ဆက်ဆံရေး (သို့မဟုတ်) အများပြည်သူနဲ့ ဆက်သွယ်ရေး ဌာနတစ်ရပ် ရှိပြီးတော့ အများပြည်သူနဲ့ဆက်သွယ်တဲ့ ကိစ္စတွေကို ဒီလို မီဒီယာတွေကနေ တစ်ဆင့် ကျွန်တော်တို့ လုပ်ကိုင် ဆောင်ရွက်ရတာတွေ အတိုင်းအတာ တစ်ခုအထိတော့ ရှိနေရပါလိမ့်မယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့အတူ ပုံနှိပ်မီဒီယာ အခန်းကဏ္ဍတွင် သတင်းစာများအား အသွင်အပြင် ၊ အနှစ်သာရ နှင့် အကြောင်းအရာ ပိုင်းများတွင် ပြောင်းလဲဆောင်ရွက်နေ သကဲ့သို့ရုပ်သံ မီဒီယာပိုင်းတွင် ပြုပြင် ပြောင်းလဲမှုများ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)