Connect with us

Politics, Law & Military

မြန်မာ ရွှေ့ပြောင်းလုပ်သားများအား ထိရောက်စွာ ပံ့ပိုးကူညီရေး အဆိုကို လွှတ်တော်က မှတ်တမ်းတင်

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ၄၁ ရက်မြောက်နေ့ ကျင်းပနေစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

နိုင်ငံရပ်ခြားထွက်၍ အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ နိုင်ငံများမှ အလုပ်ရှင် များက ဥပဒေမဲ့ ခိုင်းစေခြင်း၊ အနိုင်ကျင့်ခြင်း၊ စော်ကားခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း ပြုလုပ် နေမှုများ နိုင်ငံတော် အစိုးရက နိုင်ငံ အစိုးရခြင်း ချိတ်ဆက်၍ အမြန်ဆုံး ထိရောက်စွာ ကူညီပံ့ပိုး ကယ်တင် စောင့်ရှောက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးက မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

စေတုတ္တရာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်ဒုတိယ ပုံမှန် အစည်းအဝေး (၃၇) ရက်မြောက် နေ့(စက်တင်ဘာ ၂၁ ရက်)တွင် တင်သွင်းခဲ့ သည့် အထက်ပါ အဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးတို့က စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက် နှစ်ရက် ခွဲပြီး ဆွေးနွေးခဲ့ရာ ကိုယ်စားလှယ် ၁၄ ဦးတို့က ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

ယင်း အဆိုနှင့် ပတ်သက်ပြီး ပုသိမ်ကြီး မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက ပြည်တွင်း အလုပ်အကိုင် ရှားပါးမှု၊ လုပ်ခလစာ နည်းပါးမှုနှင့် နယ်စပ်ဒေသများတွင် ငြိမ်းချမ်းမှု မရှိဘဲ သွားလာရ ခက်ခဲပြီး ဒေသထွက် သီးနံှများ တင်ပို့ ရောင်းချရာတွင် အကျိုးအမြတ် နည်းကာ ဈေးကွက် မရှိခြင်းများကြောင့် မိသားစု စားဝတ်နေရေး ဖြေရှင်းရန် ပြည်ပနိုင်ငံများ၌ ခက်ခဲ ကြမ်းတမ်းပြီး အန္တရာယ်ရှိသည့် အလုပ်များကို လုပ်ကိုင် ဆောင်ရွက် နေကြရပါ ကြောင်း၊ စာရင်း အတည်မပြုနိုင်သည့် ပြည်ပသို့ အလုပ် သွားရောက် လုပ်ကိုင်သူ များစွာ ရှိနေပါကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

ရွှေ့ပြောင်း အလုပ်သမားများကို ထိရောက်စွာ အကာအကွယ် ပေးနိုင်မည် ဖြစ်သကဲ့သို့ နိုင်ငံ့အတွက် လူ့စွမ်းအား အရင်းအမြစ်မှ ရသည့် ဝင် ငွေများလည်း တိုးတက်လာမည် ဖြစ်ကြောင်း၊ ပြည်ပမှ ပြန်လာမည့် လုပ်သားများ အတွက် အလုပ်အကိုင်များ ဖန်တီးပေးရန် လိုအပ်မည် ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် လယ်ယာမြေ ပြဿနာများနှင့် ပြည်တွင်း အလုပ်သမား ပြဿနာများကို မှန်ကန်မြန်ဆန်စွာ ဖြေရှင်းခြင်းဖြင့် ပြည်ပရောက် မြန်မာ အလုပ်သမားများကို ယုံကြည်မှု ပေးသင့်ကြောင်း စဉ့်ကိုင် မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါက်တာ ကြည်မို့မို့လွင်က ဆွေးနွေးသည်။

ထိုအဆိုနှင့် စပ်လျဉ်း၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြန်လည် ရှင်းလင်းဆွေးနွေးသည့်အခါ “အစိုးရ အဖွဲ့သည် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား အရေးကို အထူး အလေးထား ဆောင်ရွက်လျက်ရှိပါတယ်၊ ပြည်ပ နိုင်ငံများရှိ မြန်မာ အလုပ် သမား ရေးရာ ကိစ္စရပ်များကို သက်ဆိုင်ရာ နိုင်ငံများ၏ အစိုးရ အဖွဲ့များနှင့် ဆက်သွယ်ညှိနှိုင်း၍ အစဉ်တစိုက် လုပ်ဆောင်နေရုံသာမက သက်ဆိုင်ရာ မြန်မာသံရုံးများကလည်း ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိပါတယ်၊ အလုပ်သမား သံအရာရှိ မထားရှိသည့် နိုင်ငံများ ဖြစ်ပါက မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနချင်း ညှိနှိုင်း၍ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများ၊ မြန်မာ လူ့အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်လျက် စဉ်ဆက်မပြတ် အလေး ထား ဆောင်ရွက်နေပါသဖြင့် လွှတ်တော်ကိုယ်စားလှယ်၏ အဆိုကို မှတ်တမ်းတင် ထားရှိသင့်ကြောင်း တင်ပြ ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုရှင် စေတုတ္ထရာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ၎င်း၏ အဆိုအား လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်ရန် သဘောထားတင်ပြခြဲ့ပီး ပြည်သူ့လွှတ်တော်ကလည်း ကန့်ကွက်ရန်မရှိ ဆန္ဒမဲပေးခဲ့သဖြင့် ထိုအဆိုကို မှတ်တမ်းတင်စောင့်ကြည့် သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)