Connect with us

Politics, Law & Military

ရုပ်သံလိုင်း ငါးလိုင်း ပုဂ္ဂလိကပိုင် အဖြစ် တိုးချဲ့မည်

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဝန်ကြီးဌာန၏ရက် ၁၀၀ စီမံချက်အားရှင်းလင်းစဉ်(ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

ပြန်ကြားရေး ဝန်ကြီးဌာနသည် ရုပ်သံလိုင်းအသစ် ငါးလိုင်းကို ပုဂ္ဂလိကပိုင် အဖြစ် တိုးချဲ ့လုပ်ကိုင်ခွင့်ပြုမည်ဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

“ရုပ်သံနဲ့မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့လုပ်ကိုင်ခဲ့တာ ရှိပါတယ်။ ရုပ်သံ လုပ်ငန်း မှာ broadcaster အဖြစ်၊ contents provider အဖြစ် လုပ်ကိုင်ချင်တဲ့ ပုဂ္ဂိုလ် အသစ်တွေ ဝင်ရောက်နိုင်ဖို့ အတွက် မြန်မာ့ အသံနဲ့ရုပ်မြင်သံကြားမှာ ရှိတဲ့ ခွဲဝေပေးလို့ ရတဲ့ ရုပ်သံ ချန်နယ်လ် ငါးခုကို ပေးဖို့အတွက် ညှိနှိုင်း ဆွေးနွေးထားပါတယ်။ တကယ်ဆောင်ရွက်မယ့် ပုဂ္ဂိုလ်တွေရဲ့ စိတ်ပါဝင်စားမှု ဖော်ပြတဲ့ အဆိုပြုလွှာတွေ တောင်းခံမယ့် အစည်းအဝေးကို သြဂုတ် ၂၅ ရက်နေ့မှာ ဒီမှာပဲ လုပ်ပါမယ်” ဟု နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ယနေ့ နေ့လယ် ၁ း ၀၀ နာရီ၌ ပြုလုပ်ခဲ့သည့် ရက် ၁၀၀ အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား ဝန်ကြီးဌာန လေးခု စုပေါင်း သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောခဲ့သည်။

ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေကို သုံးသပ်ဆွေးနွေးရန်နှင့် မြန်မာ့ ရုပ်သံလွှင့် လုပ်ငန်းများ ညီညွတ်မျှတစွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲတစ်ခုကို မေလ ၂၇ ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ပြုလုပ်ခဲ့ပြီးနောက် ထို အစည်းအဝေး၏ အကျိုးဆက် အဖြစ် ရုပ်သံ ချန်နယ်လ် ငါးခုတို့ကို စိတ်ပါဝင်စားသူ ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ခွင့်ပြုရေး၊ ရုပ်သံ ဥပဒေကို ပြန်လည် ပြင်ဆင်ရေး ဆွဲရေး စသည့် ဆောင်ရွက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“ဒီ ရက် ၁၀၀ အတွင်းမှာ ဝန်ကြီးဌာန အသီးသီးရဲ့ သတင်းထုတ်ပြန်ပွဲတွေ ကျင်းပနိုင်ရန် ပြန်ကြားရေး ဝန်ကြီးဌာနက ညှိနှိုင်းဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်” ဟုလည်း ပြန်ကြားရေး ဝန်ကြီးက ပြောသည်။

ထို့အပြင် မြန်မာ့အသံနှင့့်ရုပ်မြင်သံကြားကို လက်ရှိ အနေအထားမှ အများပြည်သူ ဝန်ဆောင်မှု ရုပ်သံလုပ်ငန်း (PSB:_ Public Service Broadcaster) အဖြစ် ပြောင်းလဲစေရေးအတွက် အစီအစဉ် ချမှတ် ဆောင်ရွက်လျက် ၇ှိကြောင်း၊ မြန်မာ့ ရုပ်သံ ဥပဒေကို ပြင်ဆင် ရေးဆွဲ အတည်ပြုပြီး ဥပဒေနှင့် အညီ ဆောင်ရွက်သွားမည်ဟု လည်း ၎င်းက ပြောသည်။

“ဒီလို ပြောင်းလဲနိုင်ဖို့အတွက် မြန်မာ့ ရုပ်သံ လုပ်ငန်းတွေကို ပြည်သူ့ဝန်ဆောင်မှု ရုပ်သံ အဖြစ် ပြောင်းလဲနေ တာတွေ ရှိပါတယ်။ ဒီ ရက် ၁၀၀ အတွင်းမှာ ရုပ်သံ အစီအစဉ် အသစ် ၁၂ ခုတို့ကို တိုးတက် ထုတ်လွှင့်နေတာ လည်း ရှိပါတယ်။ အသွင် အပြင်ပိုင်း ပြောင်းလဲတယ် ဆိုတာ အဓိကက သဘောထားမှာ ပြောင်းလဲတာပါ။ အရင်ကတော့ နိုင်ငံတော်ရဲ့ ကိစ္စဝိစ္စတွေကို အများပြည်သူ သိအောင် အသိပေး ပြန်ကြားတဲ့ အနေအထား ကနေ အများပြည်သူရဲ့ ပြောဆိုချင်တဲ့ အချက်တွေ အများပြည်သူကြားထဲက ရှုထောင့်နဲ့အမြင်တွေ ကို ပိုပြီးတော့ အလေးပေးပြီး ဖော်ပြနိုင်ဖို့ပြောင်းလဲတာ ဖြစ်ပါတယ်။ logo တွေ Title တွေ ပြောင်းလဲတာတွေ rebranding တွေလည်း လုပ်ထားပါတယ်” ဟု ဝန်ကြီးက ရှင်းပြခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ လုပ်ငန်းများကိုပါ ဝန်ဆောင်မှု ပုံစံ ပြောင်းသွားမည် ဖြစ်ရာ မြို့နယ် ပြန် ဆက် ရုံးများရှိ စာကြည့်တိုက်များကို ပိုမို တိုးတက်ပြီး အများ ပြည်သူကို မျက်နှာမူမည့် အစီအစဉ်များ ဖြည့်စွက်ကာ လူထု အခြေပြု ဗဟိုဌာနများ အဖြစ် ဆောင်ရွက်သွားရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ပြောခဲ့သည်။

“နောက်အစီအစဉ်တစ်ခုကတော့ ဆောင်းရာသီ စာအုပ် ဈေးရောင်းပွဲတော် နဲ့ စာတမ်းဖတ်ပွဲ ကျင်းပဖို့ရှိပါတယ်။ စာတမ်းဖတ်ပွဲကတော့ မျက်မှောက် သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲပါ” ဟု ဒေါက်တာ ဖေမြင့်က ဖြည့်စွက် ပြောသည်။
နိုင်ငံရေး စာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ် ဈေးရောင်းပွဲတော်ကို လွန်ခဲ့သည့် လကုန်ပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ရာ ပါဝင် ရောင်းချခဲ့ကြသည့် စာအုပ်ဆိုင်ပေါင်း ၁၇၁ ဆိုင်မှ ကျပ် သိန်း ၁၅၀၀ ဝန်းကျင်ခန့် ရောင်းချခဲ့ရသောကြောင့် မိုးရာသီ စာအုပ်ရောင်းပွဲတော်နှင့် စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ပွဲမျိုးကို လေးလ တစ်ကြိမ် ကျင်းပသွားရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.