Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှက်ရေးထိုးရန် တပ်မတော်အနေဖြင့် အဆင်သင့်ဖြစ်ဟု တပ်ချုပ်ဆို

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်း အစည်းအဝေးတွင် အမှာစကားပြောကြားစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာ့ တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးရန် အဆင်သင့် ဖြစ်နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု စနစ်ကို သွားနေခြင်းဖြစ်ပြီး တိုင်းရင်းသားများနှင့် ပတ်သက်၍ ခွဲခြားမှု မရှိသကဲ့သို့ အခွင့်အရေးများလည်း ပေးထားပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ကိစ္စရပ်များသည် မိမိတို့ပြည်တွင်းရေး ကိစ္စသာဖြစ်ပြီး အားလုံး အမြင်ကျယ်ကျယ်ဖြင့် လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်း အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-မြဝတီ)

တပ်မတော် အနေဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ လက်ရှိ လျှောက်လှမ်းနေသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရှိစေရေး၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူး လိုလားပါကြောင်း အစည်းအဝေးတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ကျင်းပခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက် ကြသည်။

လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲ ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက် မူဝါဒမှာ မိမိနိုင်ငံ၊ မိမိဒေသအတွက် ကောင်းအောင် ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန် အရေးသုံးပါး အား သိရှိနားလည်စောင့်ထိန်း နိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အမြင်လေးမြင်ရှိပြီး တပ်မတော်အပေါ် နားလည်မှု ရှိသူ ဖြစ်စေလိုကြောင်း၊ တပ်မတော်ပိုင်း ဆိုင်ရာတွင် လွတ်လပ်ပြီး တရားမျှတရမည် ဖြစ်သကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာ အရလည်း ဖြစ်စေချင်ကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲ ကာလနှင့် ရွေးကောက်ပွဲ အလွန် ကာလများသည် အရေးကြီး၍ တပ်မတော်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

အစိုးရဘက်မှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့ဖြစ်သည့် “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင် လွတ်မြောက်ရေး တပ်မတော် /အဖွဲ့အစည်း (KIA/KIO)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ အမျိုးသား ဒီမိုကရေစီ သွေးစည်း ညီညွတ်ရေး တပ်မတော်- မိုင်းလား တပ်ဖွဲ့ (NDAA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA- PC)၊ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K)တို့ ကို စတင် ဖိတ်ကြားထားသည်။ (Xinhua)