Connect with us

Politics, Law & Military

၂၀၁၅-၁၆ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လတွင် အခွန် ၁၁ မျိုးတို့လျာထားချက်ထက် ကျော်လွန် ရရှိ

ပြည်ထောင်စု လွှတ်တော်အစည်းအဝေးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်၏ ဒုတိယ ခြောက်လ (အောက်တိုဘာလ မှ မတ်လအထိ) တွင် ပြည်တွင်းအခွန် ၁၈ မျိုးရှိသည့်အနက် ၁၁ မျိုးတို့တွင် မူလ လျာထားချက်ထက် သာလွန်ခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တင်ပြခဲ့သည်။

“အခွန် ၁၁ မျိုးအတွက် မူလက ကျပ် ၁၃၃၀.၉၆၇ ဘီလျံ လျာထားခဲ့ရာမှာ ၁၃၃၅. ၉၄၅ ဘီလျံ ရခဲ့ပါတယ်။ ၁၀၁.၈ ရာခိုင်နှုန်း ကောက်ခံရရှိခဲ့တာပါ” ဟု ၎င်းက ရှင်းပြခဲ့သည်။ထိုသို့လျာထားချက်ထက် ပိုမိုရရှိခြင်းမှာ ဝန်ဆောင်မှု ကဏ္ဍများကိုပါ အခွန်ကောက်ရာတွင် ထည့်သွင်းကောက်ခံ နိုင်သောကြောင့် ဖြစ်ကြောင်းနှင့် အစိုးရ အောင်ဘာလေ ထီလုပ်ငန်း အခွန်၊ တံဆိပ်ခေါင်းခွန်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးခွန်၊ မြေယာခွန်တို့သည် ဒုတိယ ခြောက်လတွင် အခွန်များစွာ ရရှိစေခဲ့ကြောင်း ၎င်းက လွှတ်တော်သို့တင်ပြခဲ့သည်။

“ဝင်ငွေခွန်နဲ့ အကောက်ခွန်ကျတော့ အခွန် ဥပဒေ အပြောင်းအလဲကြောင့်ရော။ ကားတင်သွင်းမှု လျော့နည်းသွားတဲ့ အတွက်ကြောင့်လည်း ပါပါတယ်။ နိုင်ငံပိုင်ကဏ္ဍမှာရော ပုဂ္ဂလိက ကဏ္ဍမှာပါ လျော့ကျခဲ့ပါတယ်” ဟု ဒုတိယဝန်ကြီးက ရှင်းပြသည်။

၂၀၁၅ -၂၀၁၆ ဒုတိယ ခြောက်လအတွင်း အခွန်ကောက်ခံ ရရှိမှု တင်ပြချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက “ဝင်ငွေခွန် ကဏ္ဍ လျာထားချက်ထက် လျော့နည်း ရခြင်းမှာ နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိက ကဏ္ဍတို့တွင် လျော့နည်းကောက်ခံရခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားရာ ယခုထက် ပိုမို ရှင်းလင်းစွာ ဖော်ပြသင့်ပြီး ဝင်ငွေခွန်အား မူလ လျာထားချက် ပြည့်မီအောင် ကောက်ခံသင့်ကြောင်း၊ သတ်မှတ်ထားသည့် အခွန် မူဝါဒ များနှင့်အညီ ထိရောက်စွာ ထိန်းကျောင်းဆောင်ရွက်သွားဖို့လိုအပ်ကြောင်း သုံးသပ် ရရှိပါသည်” ဟု မှတ်ချက်ပေးခဲ့သည်။

အဆိုပါ အခွန်ကောက်ခံ ရရှိမှု အခြေအနေများအပေါ် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များသည် ဇူလိုင်လ ၂၇ ရက်နေ့ညနေ နောက်ဆုံးထားပြီး လွှတ်တော်ရုံးသို့အမည်စာရင်းတင်သွင်းကြရန် ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌဦးမန်းဝင်းခိုင်သန်းက လွှတ်တော်သို့ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117