Connect with us

Politics, Law & Military

ရွှေ့ပြောင်းအလုပ်သမားများ မြဝတီ၊ ကော့သောင်းနှင့် တာချီလိတ်မြို့များတွင် နေ့စဉ်ဝင်ရောက်မှုများရှိဟု ပြည်ထောင်စုဝန်ကြီးဆို

ရွှေ့ပြောင်းအလုပ်သမားများ မိမိနိုင်ငံအတွင်း ပြန်လည်ပို့ ဆောင်မှုများ အပေါ် ဆောင်ရွက်သင့်သည့် အစီအမံများ ရေးဆွဲဖော်ထုတ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပစဉ်(MOI)

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)

ရွှေ့ပြောင်းအလုပ်သမားများ မြဝတီ၊ ကော့သောင်းနှင့် တာချီလိတ်မြို့များတွင် နေ့စဉ်ဝင်ရောက်မှုများ ရှိနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ယင်းသို့ ဝင်ရောက်လာရာတွင် တဖက်နိုင်ငံသို့ တရားမဝင် ရောက်ရှိနေသူ၊ တဖက်နိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူ၊ မူးယစ် ဆေးဝါးသုံးစွဲနေ သူ၊ ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ်အမျိုးမျိုးကျခံခဲ့ရသူ၊ ဘဝရပ်တည်ရန်ခက်ခဲသူ၊ နာမကျန်းဖြစ်နေသူများအပြင် တဖက်နိုင်ငံတွင် အခြေကျနေခဲ့ သူများလည်း ရောပါလာကြောင်း၊ ယင်းကိစ္စရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာန များအနေဖြင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် စီမံချက်ရေးဆွဲဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိနိုင်ငံသားများ တဖက်နိုင်ငံ၌ အလုပ်လုပ်ရာတွင် တရားဝင်လုပ်ကိုင်နိုင်ပါက အလုပ်သမား မိသားစုများအတွက်သာမက နိုင်ငံတော်အတွက်ပါ အကျိုးရှိမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ် မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

တစ်ဖက်နိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်း အလုပ်သမားများကို တစ်ဖက်နိုင်ငံ မှဖမ်းဆီး၍ မိမိနိုင်ငံအတွင်း ပြန်လည်ပို့ဆောင်မှုများ အပေါ် ဆောင်ရွက်သင့်သည့် အစီအမံများ ရေးဆွဲဖော်ထုတ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို မတ် ၄ ရက်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရတို့မှ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ရန်ပုံငွေထောက်ပံ့ပေးမည့် အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး၊ မူးယစ်ဆေးစွဲ နေသူများအား ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် စီမံချက်များ အမြန်ဆုံး ရေးဆွဲဆောင်ရွက်ရေး၊ တစ်ဖက်နိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်း အလုပ်သမားများကို တစ်ဖက်နိုင်ငံ ကဖမ်းဆီး၍ နိုင်ငံသို့ပြန်လည် ပို့ဆောင်မှုများအပေါ် စိစစ်လက်ခံ ရေး လုပ်ငန်းများနှင့် နေရပ်အရောက် ပြန်လည် ပို့ဆောင်ပေးနိုင်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)