Connect with us

Politics, Law & Military

လူဆိုးလူမိုက် သတင်း ကျော်ဇောရှိသူများနှင့် တရားခံပြေးများအား ဖမ်းဆီး အရေးယူလျက်ရှိ

ရဲတပ်ဖွဲ့ဝင်များ က ဖမ်းဆီးခဲ့သော ခေါလေးနှင့် အဖွဲ့အားတွေ့ရစဉ် (ဓာတ်ပုံ-ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့)

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က လူဆိုးလူမိုက် သတင်း ကျော်ဇောရှိသူများနှင့် တရားခံပြေးများအား ဖမ်းဆီး အရေးယူလျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေး လုပ်ငန်းစဉ် (၅) ရပ်အား ချမှတ် ဆောင်ရွက်လျက် ရှိကြောင်း၊ ၎င်းလုပ်ငန်းစဉ်တွင် ပါဝင်သည့် ပြစ်မှု ကျူးလွန်တတ်သူများ၊ အလားအလာရှိသူ လူဆိုး၊ သူခိုးများကို စောင့်ကြပ် ထိန်းသိမ်းခြင်း လုပ်ငန်းအတွက် “က”လူဆိုး၊ “ခ”လူဆိုး၊ ပြေး (၄) ပြေးလူဆိုး၊ အတ္ထုပ္ပတ္တိ ရာဇဝင် လူဆိုးနှင့် ကတ်လူဆိုးများအား စောင့်ကြပ် ကြည့်ရှု ထိန်းသိမ်းခြင်း၊ လိုအပ်ပါက ဥပဒေနှင့်အညီ ဖမ်းဆီး အရေးယူခြင်းများ ကိုလည်း ဆောင်ရွက်လျက် ရှိပြီး လူဆိုး၊ သူခိုးများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖော်ပြပါ မူလ တာဝန်များအရ လည်းကောင်း၊ အများပြည်သူများမှ သတင်းပေး တိုင်ကြားမှုများ အရ လည်းကောင်း ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်းကျော်ဇောရှိသူ လှိုင်သာယာ မြို့နယ်နေ ဝင်းနိုင် (၄၄) နှစ်၊ လိပ် (ခ) ခင်စိန် (၄၇)နှစ်၊ အောင်စိုး (ခ) အောင်စိုးလေး (၄၁) နှစ်၊ ရွှေအိုးစည် (ခ) ရဲညွန့် (၄၂) နှစ်၊ ရွှေပြည်သာ မြို့နယ်နေ ဝင်းနိုင် (၅၀) နှစ်၊ စိန်ဌေး (၅၆) နှစ်တို့ကိုလည်း ခြေချုပ်နှင့် ခံဝန ်ဥပဒေအရ အရေးယူ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ ရန်ကုန် တောင်ပိုင်း ခရိုင်နှင့် မြောက်ပိုင်း ခရိုင်အတွင်း အနိုင်ကျင မိုက်ကြေးခွဲ ဆက်ကြေး တောင်းခံပြီး ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့် ခုခံ တိုက်ခိုက်ကာ ထွက်ပြေး တိမ်းရှောင်နေသော ရဲဘက်ပြေး တရားခံပြေး ကျော်ဝင်းစိန်နှင့် တပည့်ဖြစ်သူ ငှက်ပျောသီး (ခ) နိုင်မင်းသူ (ခ) အေးသူတို့အား ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးရာ အသာတကြည် အဖမ်းမခံဘဲ နေအိမ်အတွင်းမှ ဓားကိုင်လျက် ရန်မူ ခုခံခဲ့သဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်း ဆီးရာ လူ့အသက်အန္တရာယ်ကို ဖြစ်စေနိုင်သော ဓားမျိုးစုံ (၇) ချောင်း၊ သစ်သား နံချပ်ကူ (၁) ချောင်း၊ လက်ထိပ် (၁) စုံ၊ လောက်လေးဂွ (၆) လက်၊ လက်ကိုင်ဖုန်းမျိုးစုံ (၁၀) လုံးနှင့် လိုင်စင်မဲ့ မော်တော် ယာဉ် (၁) စီး၊ လိုင်စင်မဲ့ဆိုင်ကယ် (၁) စီး တို့ကို တွေ့ရှိ သိမ်းဆည်း အရေးယူ ခဲ့သည်ဟု သိရသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့် လူဆိုး လူမိုက်သတင်း ကျော်ဇောသူ ခေါလေး(ခ) ခင်မောင်သန်း (ခ) သန်းထိုက်၊ သာဂိ (ခ) ဆုအောင် (ခ) ဇွဲဆုအောင် (ခ) အသေးလေးနှင့် နားပိတ် (ခ) ဖိုးဇော်တို့သည် ရွှေပြည်သာ မြို့နယ်၊ စိန်ပန်း (၄) လမ်းရှိ ခေါလေး နေအိမ်တွင် ရောက်ရှိနေကြောင်း သတင်းအရ ရွှေပြည်သာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များက သွားရောက် ဖမ်းဆီးရာ ခေါလေး (ခ) ခင်မောင်သန်း (ခ) သန်းထိုက်မှာ နေအိမ်ပေါ်သို့ ပြေးတက်သွား သောကြောင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးစဉ် ပြန်လည် ခုခံ၍ လုံးထွေး ဖမ်းဆီးခဲ့သည်။

ထို့ပြင် သာဂိ (ခ) ဆုအောင် (ခ) ဇွဲဆုအောင ်(ခ) အသေးလေးနှင့် နားပိတ် (ခ) ဖိုးဇော် တို့ကလည်း ဓားများကိုင်ဆောင်ကာ နေအိမ် နောက်ဖေးပေါက်မှ ဓားကိုင် ခုခံသဖြင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ပြီး ၎င်းထံမှ ဓားမျိုးစုံ (၅) လက်၊ လေးဂွ (၁) လက်၊ လက်ကိုင်ဖုန်းမျိုးစုံ (၄) လုံးအပြင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေး (၁၅၇) ပြားနှင့် ဆေးခြောက် (၉.၅) ဂရမ်နှင့် Probox မော်တော်ယာဉ် (၁) စီးတို့ကို သိမ်းဆည်းရမိ သဖြင့် ဥပဒေအရ အရေးယူ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့် လှိုင်သာယာ မြို့နယ်၊ ၁၉ ရပ်ကွက်၊ ဓညဝတီ လမ်းပေါ်တွင် အမျိုးသား (၁) ဦး ဓားကိုင် သောင်းကျန်း နေသဖြင့် အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေပြီး ရပ်ကွက် တည်ငြိမ် အေးချမ်းရေးကိုပါ ပျက်ပြားစေနိုင်ခြင်းကြောင့် လှိုင်သာယာ မြို့နယ် ရဲတပ်ဖွဲ့ဝင်များက သွားရောက် ဖမ်းဆီးခဲ့ရာ အသာတကြည် အဖမ်းမခံဘဲ ဓားဖြင့် ပြန်လည် ခုခံ တိုက်ခိုက်ကာ ဖမ်းဆီးသည့် တပ်ဖွဲ့ဝင်အား ဓားနှင့်ပြေးထိုးစဉ် သေနတ်ဖြင့် သတိပေး ပစ်ခတ် ဖမ်းဆီးခဲ့ရာ ပြစ်ချက်ဟောင်းရှိပြီး အမှုများဖြင့် ထွက်ပြေး တိမ်းရှောင်နေသူ ချန်ဒူး (ခ) ဇော်လင်းထွန်း (၂၈) နှစ်အား ၎င်းကိုင်ဆောင်သည့် အရိုးအသွား ၁၆ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းနှင့်အတူ ဖမ်းဆီးရမိသဖြင့် ဥပဒေအရ အရေးယူခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

၂၀၁၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နံနက် ၄ နာရီ ၅ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များသည် အများပြည်သူ၏ ဘဝ လုံခြုံရေးကို ထိပါးစေပြီး ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်လာစေနိုင်ကြောင်း သတင်း ကျော်ဇောသူ တွံတေးမြို့နယ်၊ ခလုတ်ရွာနေ စန်းဦး (၄၄) နှစ်၊ တစ်ရွာတည်းနေ ငြိမ်းချမ်းကို (၂၅) နှစ်၊ မျိုးသက်နိုင် (၃၁) နှစ်၊ ကိုကိုမောင် (၃၀) နှစ်တို့အား ဖမ်းဆီးရမိရေး အတွက် တွံတေးမြို့နယ်၊ ရန်ကြီးအောင် ရွာလယ်၌ သွားရောက် စောင့်ဆိုင်းနေစဉ် တွံတေးဘက်မှ ငြိမ်းချမ်းကို မောင်းနှင်လာသည့် 1J/×××× ဆလွန်း ယာဉ်အားတွေ့ရှိသဖြင့် ရပ်တန့် စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ရပ်တန့်စဉ် စန်းဦးနှင့် အဖွဲ့မှ ယာဉ်အား နောက်ဆုတ် ထွက်ပြေးရန် ပြင်သဖြင့် ယာဉ်၏ ယာဘက်ဘီးအား သေနတ်ဖြင့် ပစ်ခဲ့ရာ ဘီးပေါက်ပြီး ယာဉ်မှာ ရပ်တန့်သွားခဲ့သည်ဟု သိရသည်။

ထို့နောက်ယာဉ် အတွင်း ရှာဖွေရာ လူ့အသက် အန္တရာယ်ကို ထိခိုက် စေသည့် ကျည်ကတ်အတွင်း 9 mm Pistol ၊ ကျည် (၅) တောင့်ပါ 9mm Pistol (Capture Gun) အမျိုးအစား ပစ္စတိုသေနတ် (၁) လက်၊ 9mm Pistol ကျည် (၄၇) တောင့်ပါ သားရေအိတ် (၁) လုံး၊ အရိုးအသွား (၁၆) လက်မခွဲ ခန့်ရှိ နှစ်ဖက်သွား ဓားဦးချွန် (၂) ချောင်း၊ အရိုးအသွား (၁၆) လက်မရှိ ဘက်နက် (၁) ချောင်းတို့အား သိမ်းဆည်း ရမိခဲ့သဖြင့် လက်နက်များ အက်ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က လူဆိုးလူမိုက် ကျော်ဇောသတင်း ရှိသူများနှင့် တရားခံပြေးများအား ဆက်လက် ဖော်ထုတ်ဖမ်းဆီးလျက် ရှိကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)