Connect with us

Politics, Law & Military

လွှတ်တော်သက်တမ်း ၂ လခန့်ကျန်ရှိချိန် ဆောင်ရွက်ဖွယ်ရာ ကိစ္စရပ်များ တာဝန်ကျေပွန်စွာ ဆက်လက် ဆောင်ရွက်သွားကြရမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း အဖွင့် နှုတ်ခွန်းဆက်

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နေပြည်တော်၌ ပြုလုပ်သော ပထမအကြိမ် ပြည်သူ့ လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပထမနေ့ အခမ်းအနားသို့ တက်ရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

နောင်လာမည့် လွှတ်တော် ဖွဲ့စည်းချိန်အထိ ပထမအကြိမ် လွှတ်တော်၏ သက်တမ်းမှာ ၂ လခန့်သာ ကျန်ရှိသဖြင့် ထိုကာလအတွင်း လွတ်တော်မှ ဆောင်ရွက်ဖွယ်ရာ ကိစ္စရပ်များကို စေတနာပါပါ ၊ သစ္စာရှိရှိ ၊ တာဝန် ကျေပွန်စွာ ဆက်လက် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ယနေ့နိုဝင်ဘာလ ၁၆ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပထမနေ့နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက “ယနေ့လွှတ်တော်ထဲရှိ ကျွန်တော် အပါအဝင် ကိုယ်စားလှယ် အချို့သည် ရွေးကောက်ပွဲတွင် မဲရှုံး၍ ဒုတိယ အကြိမ် လွှတ်တော်တွင် ပြန်ပါလာစရာ အကြောင်း မရှိသော်လည်း ကျန်ရှိကာလ လွှတ်တော် သက်တမ်းအတွင်းမှာ ကျွန်တော်တို့ပြည်သူ့ကိုယ်စားလှယ်များ၏ တာဝန် ၊ ဝတ္တရားများ အပေါ် သစ္စာရှိရှိ ၊ မှန်မှန်ကန်ကန် ဆောင်ရွက်ပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် လုပ်ဆောင်သွားကြရအောင်။ လာမည့် ဒုတိယအကြိမ် လွှတ်တော် အသစ်သည် ပထမအကြိမ်ထက် ပို၍ အရည်အသွေးရော အရည်အချင်းပါ ပြည့်စုံပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ပိုမို ဆောင်ရွက်နိုင်စေရန် ကျွန်တော်တို့က လမ်းခင်း ဆောင်ရွက်ပေးကြရအောင်”ဟု လွတ်တော် ကိုယ်စားလှယ်များအား နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပထမနေ့ အခမ်းအနားသို့ တက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဆင်ဟွာ)

ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပထမနေ့ အခမ်းအနားအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ယနေ့ကျင်းပ ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနက တင်သွင်းသည့် ကုန်းလမ်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ဥပဒေကြမ်း၊ ရထား ပို့ဆောင်ရေး လုပ်ငန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ ဖတ်ကြားပြီး ပို့ဆောင်ရေး ဝန်ကြီးဌာနက တင်သွင်းသည့် ကုန်သွယ် ရေကြောင်း သွားလာရေး ဆိုင်ရာ တူးမြောင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနက တင်သွင်းသော မြန်မာနိုင်ငံ ယစ်မျိုး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက် အဆိုအား တစ်ပိုဒ်ချင်း စီအလိုက် ဆက်လက် ဆွေးနွေး၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117