Connect with us

Politics, Law & Military

အစိုးရဝန်ထမ်းများ နှစ်ပတ် ရုံးတက်၊ နှစ်ပတ် အိမ်မှနေ၍ရုံးလုပ်ငန်းများ ဆောင်ရွက်စေရေး ညွှန်ကြားချက်အား အတည်ပြု 

နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးရုံးကို တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် “နိုင်ငံ့ ဝန်ထမ်းများအား နှစ်ပတ် ရုံးတက်၊ နှစ်ပတ် အိမ်မှနေ၍ရုံး လုပ်ငန်းများ ဆောင်ရွက်စေရေး ကိစ္စ” ညွှန်ကြားချက် အကြောင်းစာသည် အစစ်အမှန် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ယနေ့နံနက်ပိုင်းတွင် အတည်ပြု ပြောကြား ခဲ့သည်။

CIVID-19 ကပ်ရောဂါ ကာလနှင့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း များ မဲဆွယ်ကာလအတွင်း အကြောင်းကြားစာ၊ ညွှန်ကြားစာ၊ ထုတ်ပြန်ချက် အတုအချို့ထွက်ပေါ် လျက်ရှိရာ အိမ်တော် သတင်းထောက်တစ်ဦးက မေးမြန်းလာမှုအပေါ် ဦးဇော်ဌေးက အိမ်တော် သတင်းထောက်များ စာမျက်နှာမှတစ်ဆင့် အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး (၂)၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး အမြဲတမ်း အတွင်းဝန် ဦးဇော်သန်းသင်းက လက်မှတ်ရေးထိုး၍ ပြည်ထောင်စု အဖွဲ့အစည်းအဆင့် အားလုံး၊ ပြည်ထောင်စု ဝန်ကြီးဌာန အားလုံး၊ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ် အစိုးရ အဖွဲ့အားလုံးတို့သို့ပေးပို့ခဲ့သော အဆိုပါ အကြောင်းကြားစာ၌ အထက်ပါ အဖွဲ့အစည်းများ၏ Core Group တွင် ပါဝင်သော ဝန်ထမ်းများ အားလုံးနှင့် ညွှန်ကြားရေးမှူးနှင့် အထက် အဆင့် ဝန်ထမ်း ဝန်ထမ်းအားလုံး နေ့စဉ် ရုံးတက်ရန်၊ ဒုတိယ ညွှန်ကြားရေးမှူးနှင့် အောက် ဝန်ထမ်းအားလုံး၏ တစ်ဝက်သည် နှစ်ပတ် ရုံးတက်၍ ကျန် တစ်ဝက်သည် နှစ်ပတ် အိမ်မှာ နေ၍ ရုံး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို အလှည့်ကျ ဆောင်ရွက်ရန်၊ နှစ်ပတ် အိမ်မှာ နေသည့် အချိန်တွင် မိမိတို့ နေထိုင်ရာအဝန်းအဝိုင်း (အိမ်၊ အဆောင်၊ ရိပ်သာ၊ အိမ်ယာ) အတွင်း၌သာ နေထိုင်၍ ရုံးလုပ်ငန်း ဆောင်ရွက်ရန် ဖြစ်ပြီး ကျန်းမာရေး ဆိုင်ရာ ကိစ္စနှင့် ဈေးဝယ်ခြင်း တို့မှ လွဲ၍ ပြင်ပသို့ လုံး၀ သွားလာခြင်း မပြုရန်၊ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ ခရီးသွားလာရန် ရှိပါက တာဝန်ရှိသူ အဆင့်ဆင့်၏ ခွင့်ပြုချက်အရသာ သွားလာရန် ဖြစ်ကြောင်း၊ အဆိုပါ ညွှန်ကြားချက်များအား မလိုက်နာဘဲ ခရီးသွားလာကြောင်း တွေ့ရှိရပါက ခရီးသွားသူ ဝန်ထမ်းအားလည်းကောင်း၊ ခရီးသွားလာသည်ကို ဖုံးကွယ်ပေးသူ၊ အကာအကွယ်ပေးသူ များအား လည်းကောင်း နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်အညီ ဖောက်ဖျက်သည့် ပြစ်မှု အပေါ် မူတည်၍ ထိရောက်စွာ အရေးယူ သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.