Connect with us

Politics, Law & Military

အစိုးရ အနေဖြင့် စုပေါင်း အင်အားကို အလေးထားပြီး နိုင်ငံ၏ စိန်ခေါ်မှုကြီးများကို ကျော်ဖြတ်ရန် သံဓိဋ္ဌာန် ချလိုက်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော် အစိုးရ တာဝန် ထမ်းဆောင်မှု ၂ နှစ်ပြည့် မိန့်ခွန်းအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြားနေစဉ်(ဓာတ်ပုံ-Myanmar State Counsellor Office)

ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

လာမည့် မြန်မာ သက္ကရာဇ် ၁၃၈၀ ခုနှစ် အတွက် အစိုးရ အနေဖြင့် စုပေါင်း အင်အားကို အလေးထားပြီး နိုင်ငံ၏ စိန်ခေါ်မှုကြီးများကို ကျော်ဖြတ်ရန် သံဓိဋ္ဌာန် ချလိုက်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြောကြားခဲ့သည့် နိုင်ငံတော် အစိုးရ တာဝန် ထမ်းဆောင်မှု ၂ နှစ်ပြည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော် အစိုးရ တာဝန် ထမ်းဆောင်မှု ၂ နှစ်ပြည့် မိန့်ခွန်းတွင် ပြည်သူသို့အစီရင်ခံရာတွင် အရေးကြီးဆုံး ကိစ္စ အဖြစ် နိုင်ငံတော် သမ္မတ အသစ် တင်မြှောက်ခဲ့ခြင်းအား တင်ပြခဲ့သည်။

နိုင်ငံတော် သမ္မတသစ် ရွေးချယ် တင်မြှောက်ရာတွင် တရားဥပဒေ နှင့် ကိုက်ညီစွာ နိုင်ငံတော် အကျိုး ဖြစ်စေရန်၊ ပြည်သူများ နှလုံး စိတ်ဝမ်း အေးချမ်း စေရန် အလေးထား ဆောင်ရွက်ခဲ့ကြောင်း ၊ အချိန်တို အတွင်း အရေးကြီး ကိစ္စရပ်များ အောင်မြင်စွာ ပြီးမြောက်အောင် လုပ်ဆောင် နိုင်ခြင်းသည် နိုင်ငံ၏ ရင့်ကျက် တည်ငြိမ်မှုကို ဖော်ဆောင် လိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ အဖြစ် ဦးဝင်းမြင့်ကို ရွေးချယ် တင်မြှောက်နိုင်ခြင်းသည် ဒီမိုကရေစီ ရင့်ကျက် တည်ငြိမ်လာမှုကို ရောင်ပြန်ဟပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံတော် သမ္မတ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် အနားယူသွားသည့် သမ္မတကြီး ဦးထင်ကျော်ကို အထူး ကျေးဇူး တင်ကြောင်း ၊ နိုင်ငံ တာဝန်များကို လက်ဆင့်ကမ်းရာတွင် လူဟောင်း ၊ လူသစ် နှစ်ဦး ဂုဏ်သိက္ခာ ရှိစွာ လုပ်ဆောင်ခြင်းသည် ပြည်သူကို အလေးထားရာ နိုင်ငံကို တန်ဖိုး ထားရာ ရောက်ခြင်းကြောင့် အားလုံး နှစ်ထောင်းအားရ ဖြစ်ရပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်က ပြည်ထောင်စု လွှတ်တော်တွင် ကတိသစ္စာ ပြုပြီး ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အစိုးရ၏ ဦးစားပေး ဆောင်ရွက်ရမည့် ကိစ္စများအား ချပြသွားခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး အရ ဖွံ့ဖြိုး တိုးတက် စေရန် စတင် ရုန်းကန် နေရသည့် အချိန်တွင် ပြည်တွင်း ၊ ပြည်ပ စိန်ခေါ်မှု အမျိုးမျိုးဖြင့် ရင်ဆိုင် နေရကြောင်း ၊ ကမ္ဘာ့အသိုင်းအဝိုင်း အတွင်း တာဝန်သိစွာဖြင့် ရပ်တည်နိုင်ရန် အရေးကြီးကြောင်းကို နားလည် အသိအမှတ်ပြုသည် နှင့် အလျောက် ကိုယ့်နိုင်ငံ၏ အခြေအနေ ၊ လိုအပ်ချက်များဖြင့် ကိုက်ညီစွာ လျှောက်လှမ်းရင်းဖြင့် နိုင်ငံတကာ အသိုင်းအဝန်း၏ အမြင် ၊ သဘောထားများကို အလေးပေး ဆောင်ရွက်ရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံအတွက် အလိုအပ်ဆုံး ဖြစ်သည့် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး တည်ဆောက်ရာတွင် စုပေါင်း အင်အား အဓိက ဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တိုင်းရင်းသားများ အကြား နှစ်ရှည် လများစွာ ဖြစ်ပွားလာခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများ ငြိမ်းအေး စေရန် အပြန်အလှန် နားလည်မှု ၊ အပြန်အလှန် လေးစားမှုသည် အခြေခံ အုတ်မြစ် ဖြစ်ကြောင်း ၊ ထိုအုတ်မြစ်ကို စုပေါင်း အင်အားဖြင့် ခိုင်မာအောင် ဆောက်တည်နိုင်ကြောင်း ၊ ပြည်သူများက အစိုးရ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ပံ့ပိုး ကူညီပေးစေလိုကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

“လွတ်လပ်ရေး ဖခင်ကြီးများ မျှော်မှန်းခဲ့သော တရား မျှတမှု နဲ့လွတ်လပ်တဲ့ နိုင်ငံ ၊ လူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှမှု အာမခံမယ့် ဖြူစင်တဲ့ ဝါဒ ကျင့်သုံးသော နိုင်ငံ ၊ အမှန်တကယ် ဖြစ်စေဖို့စုပေါင်း အင်အားဖြင့် လုပ်ဆောင်ကြပါစို့ ၊ ကမ္ဘာက အာရုံစိုက်နေသော ရခိုင်ပြည်နယ် မှာသာမက နိုင်ငံ တစ်ဝန်းတွင် အားလုံး ရုပ်ပိုင်း ၊ စိတ်ပိုင်း လုံခြုံအေးချမ်းစွာ ဖွံ့ဖြိုး တိုးတက်နိုင်ဖို့ စုပေါင်း အင်အားဖြင့် ကြိုးစားကြပါစို့”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

အစိုးရ၏ အဓိက ရည်မှန်းချက်များထဲတွင် ပြည်သူများ၏ လူမှု စီးပွားရေး ဘ၀ တိုးတက် မြင့်မားရေးလည်း ပါဝင်ကြောင်း ၊ ထိုရည်မှန်းချက် မည်မျှ ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်သည် ဆိုသည်မှာ ပြည်သူများကသာ ဆုံးဖြတ်နိုင်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

လမ်းများ မိုင် မည်မျှ ဖောက်နိုင်ခဲ့သည် ၊ တံတား မည်မျှ တိုးတက် လာသည် ၊ လျှပ်စစ်မီး ရသွား သည့် ကျေးရွာများ ၊ မြို့များ မည်မျှ များလာသည် စသဖြင့် မွေးကင်းစ မိခင် နှင့် ကလေး ဆုံးရူံးမှု နှုန်းသည် မည်မျှ မြင့်နေသေးသည် ၊ ရင်းနှီးမြှုပ်နှံမှု မည်မျှ နည်းနေသေးသည် ၊ ငွေကြေး ဖောင်းပွမှု မည်မျှ ရှိနေသေးသည် ၊ ယင်းတို့ကို ကိန်းဂဏန်းများဖြင့် ပြည်သူများကို တာဝန်သိစိတ်ဖြင့် ပွင့်လင်း မြင်သာမှုကို အလေးထားသည့် အစိုးရ ပီပီ စဉ်ဆက်မပြတ် အသိပေးရန် ဝန်ကြီးဌာန အားလုံးကို ညွှန်ကြားထားကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

သို့ရာတွင် ကိန်းဂဏန်းများက ပြနေသည့် အခြေအနေများသည် ပြည်သူများ၏ လူမှု ဘ၀ စီးပွား အပေါ် မည်မျှ အစစ်အမှန် သက်ရောက်မှု ရှိသလဲ ဆိုသည်မှာ အဓိက ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

လာမည့် နှစ် အတွင်း ပြည်သူ/ပြည်သားများ အတွက် အမှန်တကယ် အကျိုး ဖြစ်စေမည့် ဆောင်ရွက်မှုများကို ထပ်မံ သတ်မှတ်ပြီး နှစ်ကူးချိန်တွင် ချပြသွားမည် ဖြစ်ကြောင်း ၊ မည်သို့သော စီမံကိန်းများ ချမှတ် သော်လည်း အကောင်အထည် ဖော်ရာတွင် စုပေါင်း လုပ်ဆောင်ခြင်းသည်သာ အောင်မြင်ခြင်း၏ အဓိက အကျိုးတရား ဖြစ်လိမ့်မည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

မိန့်ခွန်းတွင် အစိုးရ၏ နိုင်ငံ အတွက် ကြိုးပမ်း ဆောင်ရွက်မှုများ အောင်မြင်စေရန် ပူးပေါင်းပြီး ကူညီ ပေးခဲ့သည့် ၊ ပေးနေဆဲ ဖြစ်သည့် ပြည်တွင်း/ပြည်ပ မိတ်ဆွေများ ၊ အဖွဲ့အစည်းများ ၊ စီးပွားရေး လုပ်ငန်းရှင်များ ၊ အသိပညာ ၊ အတတ်ပညာရှင်များ အားလုံး နှင့် အထူးသဖြင့် နားလည်မှု စာနာမှုဖြင့် ထောက်ခံ အားပေးကြသည့် ပြည်သူ/ပြည်သားများ အားလုံး ကျေးဇူးတင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အလေးအနက် ပြောကြားခဲ့သည်။

လွတ်လပ်ရေး ဖခင်ကြီးများ၏ အိပ်မက် ၊ ပြည်သူများ၏ လိုအပ်ချက်များ ဖြစ်သည့် ငြိမ်းချမ်း တိုးတက် သာယာသည့် စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို မနှေး အမြန် စုပေါင်း အင်အားဖြင့် အကောင်အထည် ဖော်နိုင်ကြပါစေဟုလည်း ဆုတောင်းခဲ့သည်။

ထို့အတူ အစိုးရ ဝန်ကြီး ဌာန အသီးသီးကလည်း ယခု ကာလ အတွင်း နိုင်ငံ နှင့် ပြည်သူ အတွက် စွမ်းဆောင်မှုများ၏ အောင်မြင်မှုများ အခြေအနေ ၊ အားသာချက် ၊ အားနည်းချက်များကို တင်ပြသွားကြမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အသိပေး ပြောကြားခဲ့သည်။(Xinhua)