Connect with us

Politics, Law & Military

၂၀၁၆ ခုနှစ်အတွက် နိုင်ငံခေါင်းဆောင်များက နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုတောင်း စကားများ ပြောကြား

၂၀၁၆ ခုနှစ် အတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန်က နှစ်သစ်ကူး ဆုတောင်း စကားပြောကြားနေစဉ် (ဓာတ်ပုံ-MRTV)

ရန်ကုန် ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ယခု ၂၀၁၆ ခုနှစ် နှစ်သစ် အချိန်အခါတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်း ၊ ဦးဉာဏ်ထွန်း ၊ ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ၊ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် တို့အပါအဝင် နိုင်ငံခေါင်းဆောင်များ အသီးသီးက နှစ်သစ်ကူး တိုက်တွန်း ဆန္ဒပြု ဆုတောင်း စကားများ ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်က နှစ်သစ်ကူး မိန့်ခွန်း ပြောကြားရာတွင် ၂၀၁၆ ခုနှစ်သည် နိုင်ငံရေးအရ ၊ စီးပွားရေးအရ အခွင့်အလမ်းကောင်း များကို ဖန်တီးပေးလျက်ရှိနေသည် ဆိုသည်မှာ ယုံမှားသံသယ ရှိစရာ မလိုအပ်သော်လည်း အခွင့်အလမ်းများကို အကောင်းဆုံးအသုံးချနိုင်ရန် လိုအပ်ကြောင်း ၊ ထိုအတွက် သာမန်ကြိုးစားမှုမျိုးနှင့် မရနိုင်သည်ကိုလည်း သတိချပ်စေလိုပါကြောင်း ၊ ပြည်သူ တစ်ဦးချင်းစီ အနေနှင့် ၂၀၁၆ ခုနှစ်ကို အမှုမဲ့၊ အမှတ်မဲ့ ဖြတ်သန်းခြင်း မပြုဘဲ သာမန်ထက်ပိုသည့် စဉ်းစားတွေးခေါ်မှု၊ ကြိုးစား အားစိုက်မှုများနှင့် အတူ ဖြတ်သန်းကြရန် အလေးအနက်ထား တိုက်တွန်း လိုပါကြောင်း ပြောကြားခဲ့သည်။

ထို့အတူ ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်း ၊ ဦးဉာဏ်ထွန်း တို့ကလည်း နိုင်ငံအတွက် ၊ ပြည်သူပြည်သားများ အတွက် နှစ်သစ်ကူး ဆန္ဒပြု ဆုတောင်းစကားများ ပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နှစ်သစ်ကူး ဆုတောင်းစကား ပြောကြားနေစဉ် (ဓာတ်ပုံ- H.E Thura U Shwe Mann facebook)

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နှစ်သစ်ကူး ဆုတောင်း အမှာစကား ပြောကြားရာတွင် စေတနာမှန် လုပ်နည်းမှန်များဖြင့် အစဉ်အမြဲ တိုင်ပင်ညှိနှိုင်းခြင်း ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ကြပါလျှင် မြန်မာတို့၏ ဂုဏ်သိက္ခာကို တစ်နေ့တခြား မြှင့်တင်နိုင်မည် ဖြစ်ပါကြောင်း ၊ ပြည်သူတစ်ဦးချင်းစီက ရောက်ရာအရပ်တွင် ကျရာတာဝန်ကို ကိုယ်စီကိုယ်ငှ တာဝန်ကျေစွာ ပါဝင်ထမ်းရွက်ပြီး နိုင်ငံအတွက်၊ ပြည်သူအတွက်၊ နိုင်ငံ ဂုဏ်သိက္ခာ အတွက် မြှင့်တင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြု ဆုတောင်း ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားနေစဉ် (ဓာတ်ပုံ- Senior General Min Aung Hlaing facebook)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ၂၀၁၆ ခုနှစ်သည် နိုင်ငံ၏ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ရမည့် ထူးခြားသည့် နှစ်တစ်နှစ် ဖြစ်ပါကြောင်း ၊ တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးအပ်ထားသော တာဝန်ဝတ္တရားများနှင့် အညီ တိုင်းပြည် အကျိုးကို ရှေးရှုပြီး ဖြစ်ပေါ်လာမည့် အစိုးရ၊ ပြည်သူလူထုတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး အမျိုးသားရေး တာဝန်များကို အစဉ်အလာနှင့် အညီ ကျေပွန်စွာ ထမ်းဆောင်သွားမည် ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်ကြီး ပိုမို တည်ငြိမ်အေးချမ်းပြီး သာယာဝပြောရန် တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူတို့နှင့် တစ်စိတ် ၊ တစ်ဝမ်းတည်း တက်ညီလက်ညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု အလေးအနက်ထား ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားနေစဉ် (ဓာတ်ပုံ-MRTV)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ၂ဝ၁၆ ခုနှစ် နှစ်သစ်ကူးကာလတွင် ပြည်သူပြည်သားများသည် ပြည်ထောင်စုအတွက် မည်သည်များကို မင်္ဂလာ နှစ်သစ်ကူး လက်ဆောင်များ ယူလာခဲ့ကြမည်လဲ ဆိုသည်ကို တစ်ယောက်ချင်း စဉ်းစားစေချင်ပါကြောင်း ၊ နိုင်ငံတွင် မည်သည်များ လိုအပ်သနည်း ၊ ငြိမ်းချမ်းရေး ညီညွတ်ရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးများ လိုအပ်ပြီး ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းရန် ပြည်သူပြည်သား၊ နိုင်ငံသူ နိုင်ငံသား တစ်ဦးချင်းစီတွင် လုပ်ပိုင်ခွင့် ရှိသလို လုပ်နိုင်သည့် စွမ်းရည်များလည်း ရှိသည်ဟု မြင်ပါကြောင်း ၊ ပြည်သူ၊ ပြည်သားများ ကိုယ့်နိုင်ငံ ကိုယ့်၏ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေး ၊ သာယာငြိမ်းချမ်းရေး အတွက် မှန်ကန်သော လက်ဆောင်ပဏ္ဍာများ ယူခဲ့နိုင်ကြပါစေဟု ဆုတောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.