Connect with us

Politics, Law & Military

AA အတွက် ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းက တံခါးဖွင့်ထားကြောင်း ပြော

နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက မီဒီယာများကို ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)

AA သောင်းကျန်းသူအဖွဲ့နှင့် ပတ်သက်ပြီး အစိုးရအဖွဲ့နှင့် တပ်မတော်တို့၏ အမြင်မှာ တစ်သဘော တည်း ရှိကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းကို အမြဲတမ်း တံခါးဖွင့်ထားကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများကို ယနေ့ ညနေပိုင်း၌ ဖြေကြားခဲ့သည်။

“ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကျွန်တော်တို့က အမြဲတမ်း တံခါးဖွင့်ထားတယ်၊ ငြိမ်းချမ်းရေး ကော်မရှင် နဲ့ ဆွေးနွေတဲ့ လမ်းကြောင်းကလည်း ရှိပြီးသား၊ အဲဒီလမ်းကြောင်းကို ကျွန်တော်တို့က မဖျက်ဘူး၊ ပြသနာက အောက်ခြေမှာ သွားပြီးတော့ မောင်တော နောက်ကျောကို AA က ဝင်ပြီး စီးတဲ့ သဘော ဖြစ်တာ၊ ကျွန်တော်တို့ ပြောပြီးသားပါ၊ တိုင်းရင်းသား အခွင့်အရေး လိုချင်တယ်၊ တန်းတူ အခွင့်အရေး လိုချင် တယ်၊ ဖက်ဒရယ် အခွင့်အရေးလိုချင်တယ် ဆိုရင် နိုင်ငံရေး ဆွေးနွေးဝိုင်းကို လာ၊ ပြည်ထောင် စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စားပွဲဝိုင်းမှာ ကျွန်တော်တို့ စောင့်နေတယ်” ဟု ၎င်းက ယနေ့ ညနေပိုင်း သတင်းစာရှင်းပွဲတွင် မီဒီယာကို ပြောကြားခဲ့သည်။

သမ္မတအိမ်တော် သတင်းစာရှင်းလင်းဆောင်၌ သတင်းစာရှင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ဒုတိယ သမ္မတ နှစ်ဦး၊ လွှတ်တော် ဥက္ကဌ နှစ်ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ ဝန်ကြီးများ၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ် တို့ တက် ရောက်ခဲ့ကြပြီး တရားဝင် သတင်းထုတ်ပြန်ချက်ကို မကြာမီ ထုတ်ပြန်ပေး သွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၆ း ၃၀ နာရီခန့်တွင် ရခိုင် ပြည်နယ် နယ်စပ်ရှိ ရဲစခန်း လေးခုတို့ကို AA က တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် နယ်မြေအတွင်း တပ်အင်အားများ တိုးမြှင့် သုံးစွဲရန် နှင့် လိုအပ်လျှင် ရဟတ်ယာဉ်များ သုံးစွဲရန် ထိုနေ့မှာပင် နိုင်ငံ တော် သမ္မတရုံးက ကက(ကြည်း) ထံ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း၊ တပ်မတော်ကလည်း ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ယခုအခါ AA က ဆုတ်ခွာ သွားခဲ့ပြီး တပ်မတော်က ပိတ်ဆို့မှုများ၊ ရှင်းလင်းရေးများ ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ရဲတပ်ဖွဲ့က ကိုင်တွယ် ထိန်းသိမ်းနိုင် သည့် တရားဥပဒေ စိုးမိုး ရေး အခြေအနေ ရောက်ဖို့အတွက် ကြိုးပမ်း လျက်ရှိကြောင်း၊ တစ်ချိန်တည်း မှာပင် တိုက်ခိုက်မှု ကြောင့် ပေါ်ပေါက်လာသော နေရပ်စွန့်ခွာ ပြည်သူများအား သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ပံ့ပိုး ကူညီမှု များ ဆောင်ရွက်လျက်ရှိကြောင်း၊ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်သည်အထိ ပုံမှန်အနေအထား ပြန်ရောက်ဖို့အတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း လည်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့ သည်။(Xinhua)