Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် မြောက်ဦးမြို့အတွင်းရှိ ရဲတပ်ရင်းဌာနချုပ် လိုင်းခန်းများအား AA လက်နက်ကိုင်တပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်၍ တပ်မတော်နှင့် ထိတွေ့မှုဖြစ်ပွား


ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့အတွင်းရှိ ရဲတပ်ရင်းဌာနချုပ် လိုင်းခန်းများအား ယနေ့ နံနက် အစောပိုင်းက AA လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်၍ တပ်မတော်နှင့် AA လက်နက်ကိုင်တပ်ဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြောက်ဦးမြို့အနီးရှိ ရဲတပ်ရင်းဌာနချုပ်နှင့် လေးမြို့မြစ်အနီး လှေဆိပ်လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း ၁ ကြောင်းအား ဧပြီ ၁၀ ရက် နံနက် ၃ နာရီခန့်မှစ၍ AA လက်နက်ကိုင်သူများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် အင်အားအလုံးအရင်းသုံး တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံစာ- AA လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးသွားသော ရဲတပ်ဖွဲ့ဝင် များ၏မိသားစုဝင်များအား တွေ့ရစဉ် (မြန်မာနိုင်ငံရဲတပ်ဖွဲ့)

တိုက်ပွဲအစပိုင်း ဧပြီ ၉ ရက် ည ၁၀ နာရီ ၅ မိနစ်ခန့်တွင် ရဲတပ်ရင်းဌာနချုပ်၏ အနောက်ဘက်၊ အနောက်မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တို့မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် နှောက်ယှက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်၍ ရင်ဆိုင်ထိန်းချုပ်ထား ခဲ့သော်လည်း နံနက် ၃ နာရီခန့်မှစ၍ မြောက်ဘက်ခြမ်း၌ စုဖွဲ့ထားသည့် AA အကြမ်းဖက် သောင်းကျန်းသူအင်အားစုများအနက်မှ အချို့သည် လက်နက်ကြီးပစ်ကူရယူလျက် ရဲတပ်ရင်းဌာနချုပ် ဗဟိုကင်းသို့ အိမ်ထောင်သည်လိုင်းများကိုဖြတ်၍ ပစ်ခတ်တိုက်ခိုက်လာခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရဲတပ်ရင်းဌာနချုပ် လုံခြုံရေးစစ်ကြောင်းများအပြင် မြောက်ဦးမြို့ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းကလည်း ပစ်ကူပစ်အားသုံး၍ ဟန်ချက်ညီစစ်ကူပေးတိုက်ခိုက်ခဲ့ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ကူရယူ တိုက်ခိုက်ရာ ရဲတပ်ရင်းဌာနချုပ် ဗဟိုကင်းနေရာသို့ ဦးတည်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အင်အားစုများ နံနက် ၅ နာရီခွဲခန့်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် AA လက်နက်ကိုင်အဖွဲ့ဘက်မှ အကျအဆုံးများပြားခဲ့ပြီး ရဲတပ်ရင်းဌာနချုပ်ရှိ ရဲတပ်ဖွဲ့ဝင်အချို့နှင့် ရဲမိသားစုဝင် အချို့ကျဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်အချို့နှင့် မိသားစုဝင်အချို့ ပျောက်ဆုံးနေကြောင်း သိရသည်။ယင်း တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကိုင်အဖွဲ့သည် လက္ကာကျေးရွာအတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းမှ ထက်ကြပ်လိုက်လံရှင်းလင်းရာ ရွာခံမဟုတ်သည့် မသင်္ကာဖွယ်ရွာသား ၂၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၂၃ ဦးအား ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ရွာခံများအားပြသရာ ၎င်းတို့ရွာသားများမဟုတ်ကြောင်း သိရှိရသဖြင့် စစ်ဆေးခဲ့ရာ AA လက်နက်ကိုင်အဖွဲ့ဝင်များဖြစ်သည်ကို စစ်ဆေးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတိုက်ပွဲဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးပြီး ခုနှစ်ဦးပျောက်ဆုံးကာ မိသားစုဝင် ဇနီး တစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ၊ ထို့အပြင် AA လက်နက်ကိုင်အဖွဲ့က လုံခြုံရေး ရဲတပ် ဖွဲ့ဝင်များ၏ ဇနီး သုံးဦး၊ မိခင်တစ်ဦး၊ ကလေးငယ် သုံးဦး ( ယောကျာၤးလေး တစ်ဦး နှင့် မိန်းကလေးနှစ်ဦး) စုစုပေါင်း ၇ဦးတို့အား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။AA လက်နက်ကိုင်အဖွဲ့သည် ဘူးသီးတောင်မြို့နယ်ရှိ ခထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနှင့် ကျောင်းတောင် ရဲစခန်းများကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် လည်းကောင်း၊ မတ် ၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ရဲစခန်းအားလည်းကောင်း တိုက်ခိုက်ခဲ့ကြသည်။(Xinhua)