Connect with us

Politics, Law & Military

ICJ တွင် အမှုရင်ဆိုင်ရာ၌ ပကတိအရှိတရားနှင့် သန္နိဋ္ဌာန်ကို ကမ္ဘာက သိရှိနားလည်အောင် ကြိုးပမ်းမည်ဟု မြန်မာအစိုးရ ထုတ်ပြန်

ICJ ၌ တရားစွဲဆိုထားခြင်းနှင့် စပ်လျဉ်း၍ စီစဉ်ဆောင်ရွက် ထားရှိမှုများအား နိုဝင်ဘာ ၂၃ ရက်၌ နိုင်ငံတော် သမ္မတ အိမ်တော်၌ ပြုလုပ်သော ရှင်းလင်းပွဲအား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar President Office )

ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ အမှု ရင်ဆိုင်ရာတွင် ပကတိအရှိတရားနှင့် သန္နိဋ္ဌာန်ကို ကမ္ဘာက သိရှိနားလည်စေ ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၇ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။

ယခု အမှုကိုရင်ဆိုင်ရာတွင်လည်း နိုင်ငံတော် အစိုးရအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးကိုဖြစ်စေ၊ မည်သည့် ဘာသာကို ဖြစ်စေ၊ မည်သည့်လူအစုအဖွဲ့ကိုဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း၊ အလျဉ်း မပြုလုပ်ကြောင်းလည်း သတင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆိုခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ကာ စနစ်တကျ ပြင်ဆင် ဆောင်ရွက်နေမှုအပေါ် နိုင်ငံတစ်ဝှမ်းရှိ လူထုလူတန်းစားအသီးသီးက ထောက်ခံမှုများ ပြသလျက် ရှိသည်ကို တွေ့မြင်ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်း ၊ ယင်းကိစ္စသည် နိုင်ငံ့အရေးကိစ္စ၊ နိုင်ငံ့ အကျိုးစီးပွား ကိစ္စဖြစ်၍ “အရေးကြီးပြီသွေးစည်းကြစို့” ဆိုသည့်အတိုင်း ပြည်သူလူထုတစ်ရပ်လုံး၏စည်းလုံးညီညွတ်မှုသည် နိုင်ငံတော် အတွက် ကြီးမားလှသော အင်အားကို ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

လူမျိုးပြုန်းတီးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံပေါင်းစုံသဘောတူစာချုပ်ကို မြန်မာ နိုင်ငံက ၃၀-၁၂-၁၉၄၉  ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၄-၃-၁၉၅၆  ရက်တွင် အဖွဲ့ဝင် အဖြစ် အတည်ပြုပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

လူမျိုးပြုန်းတီးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံပေါင်းစုံသဘောတူစာချုပ် ကို သဘောတူ စာချုပ်ကို လက်ခံ အတည်ပြုရန် ၂-၉-၁၉၅၅ ရက်တွင် သက်ဆိုင်ရာ ဝန်ကြီးက ပါလီမန်သို့ တင်ပြခဲ့စဉ်ကလည်း “မြန်မာနိုင်ငံ အနေဖြင့် ယနေ့အထိ ရဲရဲတင်းတင်းပြောရဲကြောင်း၊ လူတစ်စုနှင့်တစ်စုဖြစ်စေ၊ ဘာသာတစ်ခုနှင့် တစ်ခု ကိုးကွယ်သည့် လူမျိုးအလိုက်ဖြစ်စေ၊ လူတစ်စုအလိုက်ဖြစ်စေ ယနေ့အထိ ဤကိစ္စမျိုးမပေါ်သေးဖူးကြောင်း၊ နောင်ကိုလည်း ပေါ်စရာ အကြောင်းမရှိကြောင်း” ရှင်းလင်းတင်ပြခဲ့ပြီး ပါလီမန်၏အတည်ပြုချက်ကိုရယူခဲ့ကြောင်း ၊ ယနေ့ကာလအထိလည်း မြန်မာနိုင်ငံအနေဖြင့် “လူမျိုး ပြုန်းတီး စေမှုကိုတားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံပေါင်းစုံသဘောတူစာချုပ်”အား လက်ခံ အတည်ပြုစဉ်က ရပ်တည်ချက်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

လူမျိုးပြုန်းတီးစေမှု(Genocide)ဆိုသည်မှာ လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူစုတစ်စုကိုဖြစ်စေ၊ သတ်ဖြတ်ခြင်း၊ ပြုန်းတီးခြင်း ဟူ၍ အဓိပ္ပာယ်ရပါ သည်။ ဤကိစ္စသည် ယဉ်ကျေးသည့် ကမ္ဘာသူ၊ ကမ္ဘာသား လူသားစု တစ်ရပ်လုံးက တားဆီး ကာကွယ် ရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက် ခဲ့ရာ စတင်လက်မှတ်ရေးထိုးခဲ့သည့် ကမ္ဘာ့နိုင်ငံများတွင် မြန်မာနိုင်ငံသည် (၄၂)နိုင်ငံမြောက် နိုင်ငံဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့်စပ်လျဉ်း၍ ဂမ်ဘီယာ နိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုခဲ့ကြောင်း ၊ ကုလသမဂ္ဂပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာတရားရုံး၏ အဖွဲ့ဝင်ဖြစ်ကြောင်း ၊ ယင်းကိစ္စ သည် နိုင်ငံ၏အကျိုးစီးပွား၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အကျိုး စီးပွားဖြစ်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်၍ ဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.