Connect with us

Politics, Law & Military

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၄၂၅ ကျပ် ဖြစ်ကြောင်းထုတ်ပြန်

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် Global Good Pure Group Co.,Ltd.မှ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် နိုဝင်ဘာ ၂၈ ရက်၌ စားသုံးဆီလက်လီအရောင်းဈေးကားဖြင့် ရောင်းချပေးနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၄၂၅ ကျပ် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်မှ နိုဝင်ဘာလ ၂၇ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၃၈၀ ကျပ်ဖြစ်ပြီး၊၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်မှ နိုဝင်ဘာလ ၂၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၃၅၀ ကျပ် ဖြစ်သောကြောင့် စားသုံးဆီဈေးနှုန်းမှာ ရက်သတ္တပတ်၂ ပတ် အတွင်း ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၇၅ ကျပ်ခန့်မြင့်တက်လာခဲ့ကြောင်း သိရသည်။

မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ မှ ကျွမ်းကျင်သူဦးမျိုးသူက “စားသုံးဆီလက်ကားရည်ညွှန်းဈေးနှုန်းတွေကို စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ ကသတ်မှတ်တာဖြစ်တယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားမှာ ဖြစ်နေတဲ့ စားသုံးဆီဈေးနှုန်းတွေပေါ်အခြေခံပြီး တွက်တာပါ။ စားသုံးဆီတင်သွင်းတဲ့ သူတွေကို ၅၀ ရာခိုင်နှုန်း ဒေါ်လာကို ဗဟိုဘဏ်ဈေးနဲ့ရောင်းပေးတာဖြစ်တဲ့အတွက် ကော်မတီက actual နဲ့ အနီးဆုံးဖြစ်အောင်တွက်တာပါ။ အသေးစိတ်ကို ကော်မတီက တွက်ပြီး သတင်းစာထဲမှာထည့်တယ်။ မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း Facebook မှာတင်ပေးတာပါ’’ ဟုဆင်ဟွာသို့ ယနေ့နိုဝင်ဘာ ၂၈ ရက်တွင်ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။

“စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် ထိန်းသိမ်းတဲ့အပိုင်းကိုကြည့်ရင် ဈေးကားတွေ ရောင်းတာ က အများကြီးထိရောက်တယ်လို့ပြောလို့ရတယ်။ နေ့စဉ် ဈေးကားအစီး ၁၄၀ ကနေ ၁၅၀ ကြားကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့မှာ ရောင်းပေးနေခြင်းအားဖြင့်ဈေးနှုန်းကိုတည်ငြိမ်အောင် ထိန်းသိမ်းတာတွေ့ရတယ်။’ ဟုဦးမျိုးသူက ဆက်ပြောသည်။ (Xinhua)