Connect with us

Politics, Law & Military

YGN သင်္ကေတဖြင့် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသူများအား နိုဝင်ဘာ ၁၆ ရက်မှစတင်၍ လက်မှတ်သက်တမ်းအတည်ပြုလဲလှယ်ခြင်းဆောင်ရွက်ပေးမည်

ရွှေတိဂုံဘုရားပေါ်ရှိ ကမ္ဘာလှည့်နိုင်ငံခြားသားများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

YGN သင်္ကေတဖြင့် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများနှစ်စဉ် လက်မှတ်သက်တမ်းအတည်ပြုလဲလှယ်ခြင်းလုပ်ငန်းအား နိုဝင်ဘာ၁၆ ရက်တွင် စတင်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း အလုပ်သမား၊  လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှသိရသည်။

အလုပ်သမား၊  လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန မှ အမြဲတမ်းအတွင်းဝန်ဦးအေးလွင်က “အခုအချိန်က COVID-19 ရောဂါဖြစ်ပွားနေတဲ့အချိန်ဖြစ်လို့  YGN သင်္ကေတနဲ့ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသူတွေ အဆင်ပြေစေဖို့ ဆောင်ရွက်ပေးတာဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ အောက်တိုဘာ ၁၇ ရက်တွင်ပြောသည်။

ပြည်ပနိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ ပြည်ပဗီဇာတစ်မျိုးမျိုးဖြင့်ဝင်ရောက်ခဲ့ပြီး  ရက်ပေါင်း၉၀ထက်ကျော်လွန် နေထိုင်သူများသည် ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများမှတ်ပုံတင်ရေးဥပဒေအပိုဒ်၆(၁)(ခ)(ဂ)တို့အရ YGN သင်္ကေတဖြင့် ထုတ်ပေးသည့် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်အားကိုင်ဆောင်ကြရကြောင်း သိရသည်။

YGNသင်္ကေတပါ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်သည် နှစ်စဉ်နိုဝင်ဘာ ၃၀ ရက်တွင် သက်တမ်းကုန်ဆုံးကြောင်း ထို့ကြောင့် ဥပဒေအရသက်တမ်းကုန်ဆုံးသည့်နေ့မှ ရက်ပေါင်း၃၀အတွင်း နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်လဲလှယ်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
 
ယခင်နှစ်များတွင် နှစ်စဉ်ဒီဇင်ဘာ ၁ ရက်မှ ၃၀ရက်အတွင်း သတ်မှတ်ခငွေအမေရိကန်ဒေါ်လာ ၉ ဒေါ်လာ ပေးသွင်း၍နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်အားဆောင်ရွက်ပေးခဲ့ကြောင်း၊  ယခုနှစ်တွင်တော့ COVID-19 ရောဂါဖြစ်ပွားနေသည့်အချိန်ဖြစ်သောကြောင့်  နိုင်ဝင်ဘာ ၁၆ ရက်မှစ၍ (ရုံးပိတ်ရက်မပါ)ကြိုတင်၍ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှသိရသည်။  (Xinhua)、