Connect with us

Science & Technology

ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးကို ၂၀၂၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်ဟု ဆို

ရန်ကုန်-ပဲခူး-မန္တလေးလမ်းဟောင်းအဆင့်မြှင့်တင်မှုအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးကို ၂၀၂၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်းကာလမှာ ၆ နှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်မြင့်ဦးက ဆင်ဟွာသို့ ဒီဇင်ဘာ ၉ ရက်တွင်ပြောကြားသည်။

“ဒီဇိုင်းဆွဲတဲ့ Consultant အဖွဲ့ကိုတင်ဒါခေါ်တာ နောက်ဆုံးအဆင့်ရောက်နေပြီ။ အဲဒါပြီးရင် ဒီဇိုင်းစဆွဲမှာပါ။ ဒီအမြန်လမ်းက သီလဝါကနေ ပဲခူးသွားတဲ့လမ်းကို သွားဆက်မှာဖြစ်ပါတယ်။ ၄ လမ်းသွားအနေနဲ့ ဖောက်လုပ်သွားမှာပါ။ ၆လမ်းသွား အထိတိုးချဲ့နိုင်ပါတယ်’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

ယင်းအမြန်လမ်းသည် ကီလိုမီတာ ၆၀ ကျော်ရှည်လျားပြီး အမေရိကန်ဒေါ်လာ ၄၈၃ ဒဿမ ၈ သန်း ကုန်ကျနိုင်ကြောင်းဆိုသည်။

“ဒီစီမံကိန်းပြီးရင် သီလဝါလာမယ့်ထိုင်းက ကားတွေ မြန်မြန်ဆန်ဆန် သွားလာနိုင်မယ်။ ဒီစီမံကိန်းကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေရနိုင်မယ်။ဒီလမ်းကိုအခြေပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာမယ်။ အဲဒီဒေသတွေလည်း ပိုပြီးဖွံ့ဖြိုးလာနိုင်မယ်။’’ ဟု ဦးအောင်မြင့်ဦးက ဆက်ပြောသည်။

ယင်းအမြန်လမ်းစီမံကိန်းတွင် စစ်တောင်းမြစ်ကို ဖြတ်ကူးမည့် ၂ ဒဿမ ၃ ကီလိုမီတာရှည်သော တံတားသစ်တစ်စင်း လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

#အမြန်လမ်း #ဆောက်လုပ်ရေးဝန်ကြီးဌာန #ဦးအောင်မြင့်ဦး #ဆင်ဟွာ
#HighWay #MinistryOfConstruction #UAungMyintOo #Xinhua