Connect with us

Social

ကမ္ဘာ့ချန်ပီယံ ဖြစ်အောင်ကြိုးစားပြီး မြန်မာကိုကမ္ဘာကသိအောင်လုပ်ဆောင်သွားမည်ဟု ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်း ပြော

ကချင်တိုင်းရင်းသား အောင်လ အန်ဆိုင်းနှင့် ဆင်ဟွာ သတင်းဌာနတို့သီးသန့်တွေ့ဆုံ မေးမြန်းစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

ကမ္ဘာ့အလယ်တွင် မြန်မာအား သိရှိနိုင်ရေး ကမ္ဘာ့ချန်ပီယံ ဖြစ်အောင် ကြိုးစား သွားမည် ဖြစ်ကြောင်း မြန်မာ စပါးကြီးမြွေဟု လူသိများသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်းက ဆင်ဟွာ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

“ကမ္ဘာ့ချန်ပီယံ ဖြစ်ဖို့ကျွန်တော် ကြိုးစားမယ်။ကမ္ဘာမှာ မြန်မာပြည်ကို သိအောင်လို့ကျွန်တော် ကြိုးစားမယ်။ ကျွန်တော်ကို အားပေးတဲ့ အတွက်ကြောင့် အရမ်းဂုဏ်ယူပါတယ်။ကြိုးစားသွားမယ်။ကမ္ဘာ့ချန်ပီယံ ဖြစ်အောင် ကျွန်တော် လုပ်မယ်။ အဓိကတော့ ကမ္ဘာ့ချန်ပီယံ တစ်ယောက် ဖြစ်လာဖို့ကြိုးစားနေတယ်။အဲဒါဆိုရင် မြန်မာပြည်က လူတွေ ဂုဏ်ယူနိုင်မှာပါ။အဲဒါက ကျွန်တော်ရဲ့အဓိက မျှော်လင့်ချက်ပါ။”ဟု ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်း(ခ)မြန်မာစပါးကြီးမြွေ က မျှော်လင့်ချက် ၊ ယုံကြည်ချက် အပြည့်ဖြင့် ပြောကြားခဲ့သည်။
အောင်လအန်ဆိုင်းသည် မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို ့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာ၌ မွေးဖွားခဲ့သူ တစ်ဦး ဖြစ်ပြီး ငယ်ရွယ်စဉ် အချိန်ထဲက တိုက်ခိုက်ရေး ဝါသနာ ရှိခဲ့သော်လည်း အခွင့်အရေး မရခဲ့ဘဲ အမေရိကန်နိုင်ငံသို့ကျောင်းသွားတက်စဉ် အတွင်း လေ့ကျင့် ကစားခဲ့ရင်း ပညာရှင် အဆင့် တိုက်ခိုက်ရေး ကစားသမား တစ်ယောက် ဖြစ်လာခဲ့ကြောင်း ၎င်း၏ ဘဝဖြစ်စဉ် တစ်စိတ်တစ်ပိုင်းကို ဖွင့်ဟ ပြောကြားခဲ့သည်။
မြန်မာ တိုက်ခိုက်ရေး သမား အောင်လအန်ဆိုင်းသည် ဘက်စုံ ကိုယ်ခံပညာသုံး(MMA)ပွဲစဉ်များတွင် အလယ်ဝိတ်တန်း ကစားသမား အဖြစ် ရပ်တည်နေပြီး ၎င်း၏ တိုက်ခိုက် စွမ်းရည်များ အပြင် ချုပ်နှောင်ကွက် ၊ ညှစ်ကွက်များကြောင့် မြန်မာ့ စပါးကြီးမြွေဟု အမည်ကျော်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကချင်တိုင်းရင်းသား အောင်လ အန်ဆိုင်းသည် မြန်မာပြည်နှင့် ကင်းကွာခဲ့သည့် ၁၂ နှစ်တာ ကာလ အတွင်း နိုင်ငံတကာ ပွဲစဉ်များတွင် ပညာရှင် အဆင့် တိုက်ခိုက်ရေး ကစားသမား တစ်ဦး အနေဖြင့် သွားရောက် ယှဉ်ပြိုင် ကစားခဲ့သော်လည်း တစ်ချိန်တွင် မြန်မာနိုင်ငံသို့ပြန်လည် အခြေချ နေထိုင်ရန် အစီအစဉ် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအချိန်တွင် အောင်လအန်ဆိုင်းသည် ပွဲပေါင်း ၂၇ ပွဲ ကစားထားခဲ့ပြီး ၁၈ ပွဲနိုင် ၊ ၉ ပွဲရှုံး နှင့် သရေပွဲ မရှိ စံချိန်တင် ရပ်တည်နေသူ တစ်ဦးလည်း ဖြစ်သည်။
လက်ရှိ အချိန်တွင် အောင်လအန်ဆိုင်းသည် ဇာတိ မွေးရပ်မြေ မြန်မာနိုင်ငံ၌ ဒုတိယ အကြိမ်မြောက် ယှဉ်ပြိုင် ကစားမည့် ပွဲစဉ် ဖြစ်သည့် ဘက်စုံ ကိုယ်ခံပညာသုံး ပြိုင်ပွဲဖြစ်သည့် ONE:STATE OF WARRIORS ပြိုင်ပွဲ၌ ပြိုင်ဘက် ပိုလန် နိုင်ငံသား မိုက်ကယ် ပက်စတားနက် နှင့် ယှဉ်ပြိုင်မည့် ပွဲစဉ်သည် စိတ်လှုပ်ရှားစရာ ကောင်းမည့် ပွဲစဉ် တစ်ခု ဖြစ်သော်လည်း အနိုင် ရရှိရန် ယုံကြည်မှု ရှိနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အောင်လအန်ဆိုင်းသည် ယခုနှစ် မတ်လအတွင်း ပထမဆုံး ယှဉ်ပြိုင် ထိုးသတ်ခဲ့သည့် UNION OF WARRIORS ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ် ပွဲစဉ်အဖြစ် အီဂျစ် နိုင်ငံသား မိုဟာမက် အလီနှင့် ယှဉ်ပြိုင်ရာတွင် ပထမအချီ အတွင်း ပွဲချိန် ၂ မိနစ်ကျော်တွင် ပြိုင်ဘက်အား ထိုးသတ် အနိုင်ရရှိခဲ့သည်။
မြန်မာပြည်ဖွား ကချင် တိုင်းရင်းသား အောင်လ အန်ဆိုင်းသည် ၁၉၈၅ ခုနှစ်တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး အသက် ၃၁ နှစ် အရွယ် ရှိကာ အထက်တန်းကျောင်းပညာ ပြီးဆုံးချိန်တွင် မြန်မာနိုင်ငံမှ အမေရိကန် နိုင်ငံသို့သွားရောက် ပညာ ဆက်လက် သင်ကြားခဲ့ရင်း ဝါသနာပါရာ လက်ဝှေ့၊ ဂျူဂျစ်ဆု ၊ ဘောက်ဆင် အားကစား နည်းများအား လေ့ကျင့် သင်ကြားပြီးနောက် ဘက်စုံ ကိုယ်ခံ ပညာသုံး(MMA)ကစားသမား တစ်ယောက် အဖြစ် ကျင်လည်ခဲ့ပြီး ၁၀ ကျော်ကြာ ပြိုင်ပွဲ အတွေ့အကြုံ ရင့်ကျက်သည့် ကစားသမား တစ်ဦး ဖြစ်လာခဲ့သည်။
ကချင်တိုင်းရင်းသား အောင်လ အန်ဆိုင်းသည် ၎င်းဝါသနာ ပါရာ ဘက်စုံကိုယ်ခံပညာသုံး(MMA)ပြိုင်ပွဲများတွင် ယှဉ်ပြိုင် ကစားရင်း ကမ္ဘာ့ချန်ပီယံ တစ်ဦး ဖြစ်အောင် စိန်ခေါ်မှု များအား ယှဉ်ပြိုင် တိုက်ခိုက်ရင်း မွေးဖွားရာ ဇာတိမြေတွင် ကျင်းပပြုလုပ်မည့် MMA ပွဲစဉ်တိုင်းတွင် ပါဝင် ကစားသွားမည်ဟုဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117