Connect with us

Social

ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆောင်များ၊ အခန်းများ ငှားရမ်းနေထိုင်မှုများကို လိုင်စင်ခွင့်ပြု ဆောင်ရွက်ခြင်းမရှိကြောင်း မြို့တော်ဝန်ပြောကြား

ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်ဝန်ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ အဆောင်များ၊ အခန်းများ ငှားရမ်းနေထိုင်မှုများကို လိုင်စင်ခွင့်ပြု ဆောင်ရွက်ခြင်း မရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။

ယနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပသော လွှတ်တော်အစည်းအဝေး၌ လသာမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်၏ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် အဆောင်ငှားရမ်းမှု ဥပဒေများ ထုတ်ထားသော်လည်း ဥပဒေနှင့်မညီဘဲ အဆောင်ငှားရမ်း နေမှုများနှင့် တရားမဝင် ခွင့်ပြုပေးသူများကို အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ ကော်မတီနယ်နမိတ် (၃၃)မြို့နယ်အတွင်း အဆောင်ငှားရမ်းမှု လိုင်စင်ခွင့်ပြုပေးခြင်းမရှိဘဲ ဘော်ဒါဆောင်လုပ်ငန်း (၃၈၃)ခုကို လိုင်စင်ခွင့်ပြုထားပါတယ်။ ယင်းဘော်ဒါဆောင်များကို လိုင်စင်ပါ စည်းကမ်းချက်များနဲ့အညီ မြို့နယ်စည်ပင်သာယာရေး ကော်မတီများက အခါအားလျော်စွာ စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ စိစစ်ချက်များအရ အဆောင်ငှားရမ်းမှုကို လိုင်စင်ထုတ်ပေးတဲ့ ဥပဒေများ ထုတ်ပြန်ထားခြင်းမရှိပါသဖြင့် အဆောင်များ၊အခန်းများ ငှားရမ်းနေထိုင်မှုများကို လိုင်စင်ခွင့်ပြုဆောင်ရွက်ခြင်း မရှိပါဘူး။” ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ကော်မတီနယ်နမိတ်(၃၃)မြို့နယ်တွင် လုပ်ငန်းရှင်တစ်ဦးဦးမှ မိမိနှင့် သက်ဆိုင်သော အဆောက်အအုံ၊ ဥပစာတစ်ခုခုတွင် ဘော်ဒါဆောင်လုပ်ငန်း လုပ်ကိုင်ပါက အနီးဆုံးပတ်ဝန်းကျင်(၁၀)ဦး၏ ထောက်ခံချက်၊ မြို့နယ်ထွေအုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်ကျန်းမာရေး ထောက်ခံချက်၊ အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားများဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသ့ို လိုင်စင် လျှောက်ထားလာပါက စိစစ်ပြီး ခွင့်ပြုလျက်ရှိကြောင်း၊ အဆောက်အဦ (သို့မဟုတ်) မြေ (သို့မဟုတ်) ယင်း၏ အစိတ်အပိုင်းကို အခကြေးငွေရယူ၍ ငှားရမ်းထားပါက ပစ္စည်းခွန် စည်းကြပ်ကောက်ခံရန် တည်ဆဲ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေပြဌာန်းချက်နှင့်အညီ ငှားရမ်းရရှိငွေပေါင်း၏ သတ်မှတ်ရာခိုင်နှုန်းကို ရာပြတ်တန်ဖိုးတွင် ထည့်သွင်းသတ်မှတ်ပြီး ပစ္စည်းခွန် စည်းကြပ်ကောက်ခံလျက် ရှိကြောင်း၊ ပတ်ဝန်းကျင်ဆူညံမှုများ၊ လူမှုရေးပြဿနာများ၊ ငှားရမ်းခ နှုန်းထားမြင့်တက်မှုများနှင့် ပတ်သက်ပြီး ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးဥပဒေများအရ သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ဆက်လက် ပြောကြားသည်။ (Xinhua)