Connect with us

Social

လမ်းပေါ်ရှိ လေလွင့်ကလေးများ၊ ကူကယ်ရာမဲ့ လူအိုများနှင့် မသန်စွမ်းများအတွက် အဖြေရှာမည်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မီဒီယာများ မေးမြန်းမှုကို ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

လမ်းပေါ်တွင် တောင်းရမ်း သွားလာနေသည့် လေလွင့်ကလေးများ၊ ကူကယ်ရာမဲ့ လူအိုများနှင့် တစ်ကိုယ်ရေ မသန်စွမ်းသူများအား ကူညီစောင့်ရှောက်နိုင်ရန် အဖြေရှာ ဖော်ထုတ်မည်ဟု ယနေ့ နေ့လယ်တွင် မီဒီယာသို့ပြောသည်။

“ရက် ၁၀၀ စီမံကိန်းမှာ လမ်းပေါ်နေ ကလေးများကို ဘယ်လို ရှေ့ဆက်စောင့်ရှောက်သွားမလဲဆိုတဲ့ ကိစ္စ ရှိတယ်။ ခိုကိုးရာမဲ့ ကလေးတွေ၊ ခိုကိုးရာမဲ့ သက်ကြီး ရွယ်အိုတွေ၊ အကူအညီမဲ့နေတဲ့ တစ်ကိုယ်ရေ မသန်စွမ်းသူတွေ ရှိကြတယ်။ သူတို့တွေက လမ်းပေါ်မှာ ရောက်နေတယ်။

ဘာဖြစ်လို့သူတို့လမ်းပေါ် ရောက်နေသလဲ။ သူတို့သဘောနဲ့သူတို့လာလုပ်တာလား၊ ဒါမှမဟုတ် အဖွဲ့အစည်းတွေနဲ့ အခိုင်းခံနေရ တာလား။ ဒါတွေ ပေါ်ပေါက်လာတဲ့အခါ ဖြေရှင်းပြီးသား ဖြစ်သွားမယ်။ အခုက နည်းလမ်းဖော်ထုတ်တာက စလုပ်နေတယ်။ ရန်ကုန်တိုင်းအတွက်တော့ နည်းလမ်း ပေါ်ထွက်လာပြီ။ အခု မန္တလေးတိုင်းဒေသကြီးအတွက် လုပ်မယ်” ဟု ၎င်းက ယနေ့ညနေပိုင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သွားရောက်တွေ့ဆုံရန် မန္တလေးသို့မသွားမီ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် မကြာမီက တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ယခု မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် နှင့် ဆွေးနွေးမည် အဆိုပါ အစီအစဉ်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်းတွင် ပါဝင်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

“ပထမဆုံး ကနဦး စီမံချက်မှာ ရန်ကုန် နဲ့ မန္တလေးကို အစ ပြုလိုက်မယ်။ ကျွန်တော်တို့ နည်းလမ်း ဖော်ထုတ်တာပေါ့။ သူတို့ကို ဘယ်လို ကာကွယ် စောင့်ရှောက်မလဲဆိုတဲ့ နည်းလမ်းကို ဒီ ရက် ၁၀၀ အတွင်းမှာ ဖော်ထုတ်မယ်။ ပြီးရင် နေပြည်တော်နယ်မြေမှာလည်း ဆက်လုပ်မှာပါ။

အခု နောက်ပိုင်း သက်ကြီး ရွယ်အိုတွေကို ခိုင်းစားလာတာတွေကအစ ဒီလို ကိစ္စမျိုးတွေကို ဖော်ထုတ်ရမယ်။ ဒီကိစ္စတွေက လုပ်ရင်းနဲ့ အခြေခံအကြောင်းရင်းတွေ ပေါ်လာမယ်။ အကြောင်းရင်းတွေ သိလာပြီး နည်းလမ်းတွေ ဖော်ထုတ်ပြီးရင် ဆက်လက် ဆောင်ရွက်သင့်တာတွေကို ဆက်တိုက် ဆောင်ရွက်သွားမှာပါ” ဟု ဒေါက်တာ ဝင်းမြတ်အေးက ရှင်းပြသည်။ (Xinhua)