Connect with us

Sport

FIFA ၏ပြောင်းလဲလိုက်သော ဖူဆယ်ဥပဒေအရ ၂၀၂၁ ခုနှစ်  ဖူဆယ်ဘောလုံးပြိုင်ပွဲများတွင် ဒိုင်ငါးဦးအထိ ပြောင်းလဲကြီးကြပ်ရန် စီစဉ်

ဖူဆယ်ဘောလုံးယှဉ်ပြိုင်ကစားနေမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF Futsal)

ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) 

လာမည့်နှစ် ပြည်တွင်းဖူဆယ်ဘောလုံး ပြိုင်ပွဲများတွင်  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပြောင်းလဲလိုက်သည့် ဖူဆယ်ဥပဒေအရ ဒိုင်ငါးဦးအထိ ကြီးကြပ် ရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းက ဆင်ဟွာကို သြဂုတ် ၇ ရက်တွင်ပြောသည်။ 

“ဖီဖာကထုတ်ပြန်တဲ့   ဖူဆယ်ဥပဒေအတိုင်း  ပြည်တွင်းဖူဆယ်ပြိုင်ပွဲတွေကို ဒိုင်ငါးဦး ကြီးကြပ်ဆောင်ရွက်စေမှာပါ။ အရင်က ဒိုင်လေးဦးကြီးကြပ်တာကို အရန်ဒိုင်အနေနဲ့  တစ်ဦးထပ်တိုးတာပါ။ အဲ့ဒီ့ဒိုင်က ပွဲချိန်အတွင်းမှာတခြားဒိုင်လူကြီးတွေ ကို ကူညီဆောင်ရွက်ပေးရမှာဖြစ်ပါတယ် ” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ 

ဇူလိုင်နောက်ဆုံးပတ်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်  (FIFA) သည်  ၂၀၂၀-၂၀၂၁   ဘောလုံးရာသီအတွက်  ဖူဆယ်ဘောလုံး ပြိုင်ပွဲ  ဥပဒေတချို့ကို ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အဆင့် ပြိုင်ပွဲဖြစ်သည့် အာဆီယံဖူဆယ်ပြိုင်ပွဲကို ၂၀၀၁ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာအသင်းသည် ၂၀၀၆ ခုနှစ်တွင်  စတင်ယှဉ်ပြိုင်ခဲ့သည်။   မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံဖူဆယ်ပြိုင်ပွဲတွင် ဒုတိယ တစ်ကြိမ်၊ တတိယ နှစ်ကြိမ် ရရှိဖူးပြီး ၂၀၀၆ ခုနှစ်ပြိုင်ပွဲတွင်တတိယဆု၊၂၀၁၆ ပြိုင်ပွဲတွင် ဒုတိယ ဆုနှင့် ၂၀၁၇ ပြိုင်ပွဲတွင် တတိယဆုတို့ အသီးသီး ရရှိခဲ့သည်။ 

မြန်မာ အသင်းသည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ၂၀၁၉ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ကြောင်း သိရသည်။   (Xinhua)