Connect with us

Economy

မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုများကြောင့် လတ်တလော ဒေါ်လာဈေးနှုန်း မြင့်တက်လာဟု ဈေးကွက် လေ့လာသူများ သုံးသပ်

ငွေကြေး ဈေးကွက် အတွင်း လဲလှယ် အသုံးပြုနေသည့် နိုင်ငံတကာ ငွေကြေးများအား တွေ့ ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

ယခုရက်ပိုင်းအတွင်း မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားခြင်းများကြောင့် လတ်တလော အခြေအနေတွင် အမေရိကန် ဒေါ်လာ ဈေးနှုန်းမှာ ၁၃၈၀ ကျော်မှ ၁၄၀၀ ကျော်အထိ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်လာဈေးကွက် အသိုင်းအဝိုင်းမှ သိရသည်။

“မနေ့က ဒေါ်လာဈေးက ၁၃၈၆ ကနေ ၁၃၉၅ အထိ အဲလောက် တက်တယ်။ခုမနက်က ၁၄၀၅ ကျပ်လောက် စပြီးတော့ ၁၄၁၂ လောက် ရှိလာခဲ့တယ်။ဒေါ်လာဈေးက များနေပြီ။အဓိကတော့ ဒီနှစ်ထဲမှာ မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်တွေ ရှိတယ်။free ပါမစ်လို့ခေါ်တာပေါ့။တစ်ဦးချင်း လိုင်စင်တွေ အဲဒါတွေက ၂၃ ရက်နေ့ နောက်ဆုံးထားပြီး လိုင်စင်လျှောက်ရမှာ ဆိုတော့ ငွေထည့်ကြတာပေါ့။အဲဒီလူတွေက ဒီနေ့နဲ့ နက်ဖြန်ကို နောက်ဆုံးထားပြီး ထည့်နေကြတာပေါ့။” ဒေါ်လာ ဈေးကွက် စောင့်ကြည့် လေ့လာသူ ဦးစန်းဝင်းက ပြောသည်။

ထို့အတူ ကမ္ဘာ့ရွှေဈေး ကျဆင်းခြင်းကြောင့်လည်း ပါဝင်ပြီး မော်တော်ယာဉ် ပါမစ်များ ကျပြီးသွားပါက ဒေါ်လာဈေးမှာ ပြန်အေးသွားနိုင်ခြေ ရှိကြောင်း ၎င်းက သုံးသပ်သည်။သို့သော် မော်တော်ယာဉ် တင်သွင်းခွင့် တစ်ခုတည်းကြောင့် မဟုတ်ဘဲ အမေရိကန် ဗဟိုဘဏ်မှ အတိုးနှုန်း မြှင့်တင်ရန် ကြေညာလိုက်သည့် အတွက် တစ်ကမ္ဘာလုံးတွင် ဒေါ်လာဈေးနှုန်း မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း သက်ရောက်မှု ခံစားရခြင်း ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်း လုပ်ကိုင်သူ မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။

NLD ပါတီမှ စီးပွားရေး အကြံပေး ကော်မတီ အဖွဲ့ဝင် ဦးရဲမင်းဦးက လက်ရှိ ဒေါ်လာဈေး တက်နေရသည့် အဓိက အကြောင်းရင်းမှာ ပြည်တွင်း၌ ဒေါ်လာ လိုချင်သူ များသည့် အတွက် ဒေါ်လာရှားပါးမှုကို ဖြစ်စေခြင်းကြောင့် ဖြစ်ကြောင်း ၊ ဒေါ်လာ ရှားပါးမှု ဖြစ်စေသည့် အကြောင်းရင်းအား ရှာရာတွင် ဗဟိုဘဏ် တစ်ခုတည်း နှင့် မဆိုင်ဘဲ တစ်ခြားသော ဝန်ကြီးဌာနများ၊ စီးပွားရေး လုပ်ငန်းများ နှင့် လည်း သက်ဆိုင်ကြောင်း သုံးသပ်ထားသည်။M.O.B ဘဏ်၏ အငြိမ်းစားဥက္ကဋ္ဌ ဦးမြသန်းက အဓိကမှာ ဒေါ်လာဈေးငြိမ်ရန်မှာ အဓိကကျပြီး မှောင်ခို ဈေးကွက်ကို တတ်နိုင်သမျှ ပပျောက်သွားအောင် လုပ်လိုက်ပါက ဈေးနှုန်းငြိမ်မည် ဖြစ်ကြောင်း ၊ ဒေါ်လာ ဈေးကျအောင် ချက်ချင်း လုပ်၍ မရဘဲ ရေရှည် စီမံချက်ဖြင့် လုပ်ရမည် ဖြစ်ကြောင်း ပြောသည်။

ဒီဇင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမေရိကန် ဒေါ်လာ သတ်မှတ် လဲလှယ်နှုန်းမှာ ၁၃၅၀ ကျပ် ဖြစ်ပြီး နေ့လည်ပိုင်းတွင် ငွေလဲကောင်တာများ၌ ကျပ် ၁၄၀၀ ၊ ၁၄၁၀ နှုန်းထား ဖြစ်ပေါ်နေကြောင်း သိရသည်။ထို့အတူ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၁၄၁ ဒေါ်လာ ရှိပြီး မြန်မာ့ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၈၅၉,၅၀၀ ကျပ် ပေါက်ဈေး ရှိကြောင်း သိရသည်။(Xinhua)