Connect with us

Economy

မြန်မာ့ရေထွက်ကုန်များအား တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြထားကြောင်းဆို

စံပြငါးဈေးရှိ ငါးဒိုင်တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များအား တရုတ်နိုင်ငံဘက်မှ ဝယ်ယူရန် စိတ်ဝင်စားသောကြောင့် နှစ်နိုင်ငံကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဆင်ဟွာသို့ ဇန်နဝါရီ ၈ ရက်တွင်ပြောသည်။

“တရုတ်နိုင်ငံကို မြန်မာနိင်ငံက ရေထွက်ကုန်တွေတင်ပို့ရင် သင်္ဘောနဲ့ပို့တဲ့ ပုံမှန်ကုန်သွယ်ရေး၊ လေကြောင်းလိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးဆိုပြီး ၃ လိုင်းကနေ ပို့တယ်။ မနှစ်ကဆိုရင် ရေထွက်ကုန်ကို အမေရိကန်ဒေါ်လာ ၁၉၈ သန်း ဖိုးတင်ပို့နိုင်ခဲ့တယ်။ ကျွန်တော်တို့နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကဆိုရင် တရုတ်နိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ဖိုးလောက် မနှစ်ကတင်ပို့ခဲ့တယ်။ ဒီတော့ ကျွန်တော်တို့လည်း လူဦးရေလည်းများ၊ ဈေးကွက်လည်းရှိတဲ့ တရုတ်နိုင်ငံကို ရေထွက်ကုန် ပိုမိုတင်ပို့နိုင်အောင် ငါးလုပ်ငန်းဦးစီးဌာနတို့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ကို တင်ပြထားပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ရေထွက်ကုန်ဖြစ်သည့် ဖမ်းဆီးရမိသည့်ငါး၊ ပုစွန် များသာမက မွေးမြူရေး ငါး၊ ပုစွန်များကိုလည်း တရုတ်နိုင်ငံဘက်မှကြိုက်နှစ်သက်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပုစွန်ဖြူနှင့် ငါးတန်ငါးအားလည်း ကြိုက်နှစ်သက်ကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် တင်ပြထားရခြင်းဖြစ်ကြောင်းဆိုသည်။

“ကျွန်တော်တို့မှာ အာမခံချက်ပေးနိုင်တာ ရေထုညစ်ညမ်းမှုတွေ မရှိဘူး။ ဒါကြောင့် ငါး၊ ပုစွန်တွေက လတ်ဆတ်တယ်။ တရုတ်နိုင်ငံက ဈေးကွက်လည်း ကြီးတော့ ရေထွက်ကုန်ကို အများကြီးတင်ပို့ချင်တယ်။ အဲဒါဆိုရင် နှစ်နိုင်ငံ အကျိုးရှိမယ်လို့ မျှော်လင့်တယ်။’’ ဟု ဦးဝင်းကြိုင်ကဆက်ပြောသည်။

အမေရိကန်နိုင်ငံ၊ ဥရောပသမဂ္ဂ နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှလည်း မြန်မာ့ရေထွက်ကုန်အားဝယ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ရေထွက်ကုန်များအား ပြည်ပနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၈၅၄ သန်းဖိုးခန့် တင်ပို့နိုင်ခဲ့ကြောင်းဆိုသည်။ (Xinhua)