Connect with us

Economy

မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်း ကဏ္ဍတွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် တရုတ် နိုင်ငံပိုင် Myanmar Sumec Win Win ရွှေပြည်သာ အထည်ချုပ်စက်ရုံ ဖွင့်ပွဲ အခမ်းအနား ကျင်းပ


ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

Myanmar Sumec Win Win အဝတ်အထည် ကုမ္ပဏီ ၏ ရွှေပြည်သာ အထည်ချုပ်စက်ရုံ ဖွင့်ပွဲ အခမ်းအနား ကို အောက်တိုဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ရွှေပြည်သာ မြို့နယ်တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

ဖွင့်ပွဲ အခမ်းအနား သို့ မြန်မာ နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး ၊ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာန ၊ ရင်းနှီးမြှုပ်နှံမှု ဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦး ၊ ရင်းနှီးမြှုပ်နှံမှု ဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးစိုးမြင့်အောင် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၊ Sumec ကုမ္ပဏီ နာယက မစ္စတာ ရန်ယုံချင်း (Mr.Yang Yongqing) ၊ Sumec ကုမ္ပဏီ အထွေထွေ မန်နေဂျာ မစ္စတာ ဖမ်ဝင်ယဲ့ (Mr.Greey Fan) ၊ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

Sumec ကုမ္ပဏီ အထွေထွေ မန်နေဂျာ မစ္စတာ ဖမ်ဝင်ယဲ့ က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားရာတွင် Sumec Win Win အဝတ်အထည် ကုမ္ပဏီ သည် မြန်မာ နိုင်ငံ၌ ပြီးခဲ့သည့် ၃ နှစ်တာ ကာလ အတွင်း ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုကြောင့် လက်ရှိချိန်တွင် မြန်မာ နိုင်ငံ မှ ပြည်ပသို့ အဝတ်အထည် အများဆုံး တင်ပို့သည့် ကုမ္ပဏီ တစ်ခု ဖြစ်လာ ခဲ့ကြောင်း ၊ Sumec ကုမ္ပဏီ အနေဖြင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်မှု များပြုလုပ်သွားမည် ဖြစ်ပြီး ကုမ္ပဏီ ရှိ ဝန်ထမ်းများ မှ ပိုမိုမြင့်မား သည့် လုပ်ငန်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ဖော်ဆောင်ပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Myanmar Sumec Win Win ရွှေပြည်သာ အထည်ချုပ်စက်ရုံ ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

Sumec ကုမ္ပဏီ အထွေထွေ မန်နေဂျာ မစ္စတာ ဖမ်ဝင်ယဲ့ က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး က နှုတ်ခွန်းဆက် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

Sumec ကုမ္ပဏီ နာယက မစ္စတာ ရန်ယုံချင်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

Myanmar Sumec Win Win ရွှေပြည်သာ အထည်ချုပ်စက်ရုံ ရှိ ဝန်ထမ်းများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် Sumec ကုမ္ပဏီ သည် မြန်မာ နိုင်ငံ နေပြည်တော် နှင့် ရန်ကုန် မြို့တို့တွင် အထည်ချုပ် စက်ရုံများ ထူထောင်ထားပြီး နှစ်စဉ်ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိအောင် ဆောင်ရွက် နိုင်ခဲ့သည့် အတွက် လွန်စွာ ဝမ်းမြောက်မိကြောင်း ၊ မြန်မာ နိုင်ငံ တွင် ပို့ကုန် မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နေရာ တွင် အဝတ်အထည် ပို့ကုန်မြှင့်တင်ရေး သည်လည်း အဓိက ဦးစားပေး ဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် အထည်အလိပ် လုပ်ငန်းတွင် လုပ်ကိုင်ဆောင်ရွက်သူပေါင်း ၇ သိန်းခန့်ရှိပြီး ၂၀၂၀ ခုနှစ်တွင် အလုပ်အကိုင် အခွင့်အလမ်း ၁.၅ သန်း ရောက်ရှိရန် မျှော်မှန်းထားကြောင်း ၊ ဥရောပ နိုင်ငံ များတွင် လက်ရှိချိန်၌ မြန်မာ နိုင်ငံ မှ ထုတ်လုပ်သည့် အဝတ်အထည် များကို အသုံးပြုနေပြီးဖြစ်ကြောင်း သိရှိရသည့် အတွက် ဝမ်းမြောက်မိကြောင်း ၊ မြန်မာ နိုင်ငံ အဝတ်အထည် တင်ပို့မှု သည် တစ်နေ့တစ်ခြား တိုးမြင့်လာခဲ့ပြီး လက်ရှိချိန်တွင် စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့ကြောင်း ၊ ၂၀၁၅ ခုနှစ်တွင် ဥရောပ နိုင်ငံ များသည် ယူရို ၄၂၃ သန်း တန်းဖိုးရှိ အဝတ်အထည်များကို မြန်မာ နိုင်ငံ မှ တင်သွင်းခဲ့ကာ ယခင်နှစ်ထက် ၈၀ ရာခိုင်နှုန်း တိုးတက် ခဲ့ကြောင်း ၊ Sumec ကုမ္ပဏီ မှ ယခု အကြိမ်တွင် ရွှေပြည်သာ ၌ စက်ရုံသစ် လာရောက်ဖွင့်လှစ်သဖြင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးသည့် အပြင် မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် မြန်မာ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှု ကိုလည်း အထောက်အကူ ဖြစ်စေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် မြန်မာ နိုင်ငံ ၌ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ချိန်မှ စတင်၍ စီးပွားရေး တံခါးဖွင့်မှု တစ်နေ့တစ်ခြား တိုးမြင့်လာကာ တရုတ် နိုင်ငံ လုပ်ငန်းကုမ္ပဏီ များသည်လည်း မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု များ ပိုမိုများပြားလာခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ တွင် တရုတ် နိုင်ငံ အထည်ချုပ်လုပ်ငန်း ကုမ္ပဏီ များမှ စက်ရုံပေါင်း ၃၀၀ ကျော် လာရောက်တည်ဆောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃ သိန်းကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း ၊ ယခုအချိန်တွင်လည်း Sumec ကုမ္ပဏီ မှ ရွှေပြည်သာ အထည်ချုပ် စက်ရုံသစ်ကို ထပ်မံ ဖွင့်လှစ်လိုက်သည့် အတွက် အလုပ်အကိုင် အခွင့်အလမ်း ၅၀၀၀ ခန့်ကို ဖန်တီးပေး နိုင်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ မြန်မာ နိုင်ငံ တွင် လာရောက်၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ထောက်ခံအားပေးသွားမည်ဖြစ်ပြီး မြန်မာ နိုင်ငံ တွင် ကြုံတွေ့နိုင်သော အခက်အခဲများကိုလည်း ဂရုပြုရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ သည် ဆွေမျိုးပေါက်ဖော် မိတ်ဆွေ အိမ်နီးချင်း နိုင်ငံ များဖြစ်ကြပြီး နှစ်နိုင်ငံ အတူတကွ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကို တည်ဆောက်ခြင်းအား ဖြင့် အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းအားထုတ်မှုဖြင့် တရုတ် နိုင်ငံ လုပ်ငန်းကုမ္ပဏီ များမှ မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာရောက်ပြုလုပ်ကြမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

Sumec ကုမ္ပဏီ နာယက မစ္စတာ ရန်ယုံချင်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် Sumec ကုမ္ပဏီ နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပေးခဲ့ပြီး ရွှေပြည်သာ စက်ရုံသစ်ဖွင့်လှစ်ခြင်းဖြင့် တရုတ် နိုင်ငံ မှ အထည်ချုပ်လုပ်ငန်း ဆိုင်ရာ ခေတ်မီနည်းပညာ များကို မျှဝေ ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် ကြွရောက်လာကြသည့် ဧည့်သည်တော်များမှ စက်ရုံသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စက်ရုံသစ် ဆိုင်းပုဒ် အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.