Connect with us

Politics

နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့တွေ့ဆုံ

နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့ လက်ဆွဲနှုတ်ဆက်စဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့သည် ယနေ့ဧပြီလ ၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ရာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ နှုတ်ခွန်းဆက် စကားကို မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်အား တစ်ဆင့် ပြန်လည် ပြောကြားခဲ့ပြီးနောက် ယခုအခါတွင် မြန်မာနိုင်ငံသည် နိုင်ငံရေး အာဏာအား ချောမွေ့တည်ငြိမ်စွာ လွှဲပြောင်းခဲ့ပြီ ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ ခေါင်းဆောင်များ၏ တာဝန်အပ်နှင်းမှုအရ မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ခြင်းသည် တရုတ်နိုင်ငံမှ မြန်မာ အစိုးရသစ်အပေါ် အလေးထားခြင်း နှင့် ထောက်ခံခြင်းကို ပြသနေကြောင်း ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရေး မူဝါဒကို တစ်လျှောက်လုံး ကျင့်သုံးနေပြီး မြန်မာ အစိုးရသစ် နှင့် ချစ်ကြည်ရေး အစဉ်အလာကို ဆက်ခံလိုကြောင်း ၊ အဆင့်မြင့် ခေါင်းဆောင်များအကြား ကူးလူးဖလှယ်မှုကို တိုးမြှင့်ပြီး နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို တွန်းအားပေးကာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး မှ တစ်ဆင့် တိုးတက် နက်ရှိုင်းလာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးမှု လိုအပ်ချက် နှင့် အညီ မြန်မာနိုင်ငံ နှင့် နှစ်နိုင်ငံ ဖွံ့ဖြိုးရေး မဟာဗျူဟာဆိုင်ရာ ချိတ်ဆက်မှုကို တွန်းအားပေးလိုကြောင်း ၊ ပြည်သူလူထု နေထိုင်မှုဘဝ၊ ကုန်ထုတ် စွမ်းအား နှင့် အခြေခံ အဆောက်အအုံ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေ တိုးမြှင့်လိုကြောင်း ၊ မြန်မာဘက်၏ ဆန္ဒအလျောက် မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသ ငြိမ်းချမ်းရေး စေ့စပ် ဆွေးနွေးပွဲအတွက် အကျိုးပြု စွမ်းဆောင်ပေးလိုကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ကလည်း သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရစဉ်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အမြန်ဆုံး ပေးပို့လာခဲ့ကြောင်း ၊ မြန်မာ အစိုးရသစ် ဖွဲ့စည်း တည်ထောင်ခါစ အချိန်တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံသို့ခရီးစဉ် ရောက်ရှိလာခြင်းသည် တရုတ်နိုင်ငံမှ မြန်မာ အစိုးရသစ်အား ထောက်ခံခြင်းကို ပြသနေကြောင်း ၊ နှစ်နိုင်ငံ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှု တွန်းအားပေးရေး နှင့် ပတ်သက်ပြီး ကောင်းမွန်သော တိုက်တွန်းချက်များ တင်ပြခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ နှစ်နိုင်ငံ ဆက်ဆံမှု တဆင့်တိုးတက်စေရန် စိတ်ရင်းဆန္ဒကို ပြသထားကြောင်း ၊ မြန်မာနိုင်ငံ အနေဖြင့် နယ်ပယ်များစွာတွင် တရုတ်နိုင်ငံ ၏ ထောက်ခံမှုနှင့် ကူညီမှုကို မေ့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ အစိုးရ အနေဖြင့် တရုတ်နိုင်ငံ နှင့် လက်တွဲ ကြိုးပမ်းပြီး နှစ်ဘက် ချစ်ကြည်ရေးကို တစ်ဆင့်တိုး အားသစ်လောင်းပေးလိုကြောင်း ၊ နယ်ပယ် အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နိုင်ငံတကာ နှင့် ဒေသရေးရာများတွင် ကူးလူး ဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို တွန်းအား ပေးလိုကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့သည်။ (Xinhua)