Connect with us

Social

ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေမှ ပညာသင် ထောက်ပံ့ကြေး ရရှိသည့် ကျောင်းသား၊ ကျောင်းသူများ စာကြိုးစားပြီး နိုင်ငံ့အကျိုး၊ လူမျိုးအကျိုး ဆောင်ရွက်ရန်လိုကြောင်းဆို

ဆရာမကြီး ဒေါ်ဇင်ခိုင်မှ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားတွင် အမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေမှ ပညာသင် ထောက်ပံ့ကြေး ရရှိပြီး တက္ကသိုလ်ပညာသင်ယူခွင့် ရရှိသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကို ကြိုးကြိုးစားစား သင်ကြားရန် လိုအပ်ကြောင်း၊ နောင်အနာဂါတ်တွင် နိုင်ငံ့အကျိုး လူမျိုးအကျိုးများအား ဆောင်ရွက်ရန်၊ တရုတ်-မြန်မာ ချစ်ကြည်ရေးကို ကောင်းမွန်အောင် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ချီးမြှင့်သည့် ‘သဒ္ဓမ္မဇောတိကဓဇဘွဲ့’ ရရှိသူ ပေကျင်း နိုင်ငံခြားဘာသာ တက္ကသိုလ်၏ အငြိမ်းစား ပါမောက္ခ ဆရာမကြီး ဒေါ်ဇင်ခိုင်မှ ဆင်ဟွာသို့ ပြောကြားသည်။

ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေမှ မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ် (၁၄) ခုမှ ငွေကြေး အခက်အခဲရှိသည့် ထူးချွန် တက္ကသိုလ် ကျောင်းသူ ကျောင်းသား (၁၀၇) ဦးအား တက္ကသိုလ်ပညာရပ်ကို ပြီးမြောက်အောင် သင်ယူနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် တစ်ဦးလျှင်ပညာသင် ထောက်ပံ့ကြေး (၃)သိန်းစီ ပေးအပ်ခဲ့သည်။

ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရာတွင် အောက်မြန်မာပြည်မှ ကျောင်းသူ / ကျောင်းသား များအတွက် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၌ အခမ်းအနားကျင်းပပြီး အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာယန်ဟို့လန် (Yang Houlan) ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် တို့နှင့်တကွ အခမ်းအနားသို့ လူဦးရေ (၁၅၀) ကျော်တက်ရောက်ခဲ့သည်။

အလားတူ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေ မှ မန္တလေးမြို့၌ အထက်မြန်မာပြည်မှ ကျောင်းသားများအတွက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ခဲ့သည်။

ထိုလှူဒါန်းမှုသည် ဆရာမကြီးဒေါ်ဇင်ခိုင် ရန်ပုံငွေ၏ ဒုတိယအကြိမ်မြောက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ဆရာမကြီးဒေါ်ဇင်ခိုင် ရန်ပုံငွေမှ ပထမ အကြိမ်အဖြစ် မြန်မာနိုင်ငံ မှ ငွေကြေး အခက်အခဲရှိသည့် တိုင်းနှင့်ပြည်နယ် (၁၀) ခုမှ ထူးချွန်ကျောင်းသူ၊ ကျောင်းသား (၃၀) ဦးအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့သည်။

ဆရာမကြီးဒေါ်ဇင်ခိုင်က “ ဆရာမတို့ရဲ့ရန်ပုံငွေနဲ့ ပညာသင်ထောက်ပံ့ကြေးရတဲ့ ကလေး တွေနဲ့တွေ့တဲ့အခါ သူတို့ကို စာကြိုးစားဖို့ အမြဲ ပြောတယ်။ ပညာသင်ကြားခွင့် ရတဲ့ အချိန်မှာ ပညာကိုကြိုးစားကြ။ ပညာရွှေအိုး လူမခိုး ဆိုပြီး ပြောလေ့ရှိတယ်” ဟု ဆင်ဟွာသို့ ပြောသည်။

ဆရာမကြီး အနေဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေး တိုးတက်ခိုင်မာ ကောင်းမွန်ရန်လည်း ရည်မှန်းချက် ရှိပြီး၊ ဆရာမကြီး ကိုယ်တိုင်လည်း တတ်စွမ်းသမျှ ဆောင်ရွက်သွားမှာဖြစ်သလို လူငယ်တွေကလည်း ဆက်လက် ထိန်းသိမ်းသွားရန် ပြောကြားသည်။

ဆရာမကြီးဒေါ်ဇင်ခိုင်က “တရုတ်-မြန်မာချစ်ကြည်ရေးကို ထိန်းသိမ်း သွားကြပါ။ နှစ်နိုင်ငံချစ်ကြည်ရေး ရှေ့ဆက်ခိုင်မြဲ မယ်လို့လည်းယုံကြည်ပါတယ်” ဟုပြောသည်။

ဆရာမကြီးဒေါ်ဇင်ခိုင်က “ကျွန်မ တစ်သက်လုံး စာသင်ကြားတဲ့ အလုပ်ကို လုပ်ခဲ့တယ်။ ကျွန်မ ပညာသင်ကြားခြင်းကို ချစ်မြတ်နိုးတယ်။ ကျောင်းသူ၊ ကျောင်းသားများကိုလည်း ချစ်မြတ်နိုးတယ်။ ကျွန်မအခုအသက်ကြီးသွားပေမဲ့ ကျွန်မ တရုတ်-မြန်မာ ချစ်ကြည်ရေး တိုးပွားဖို့အတွက် စွမ်းဆောင်လိုစိတ် အမြဲရှိတယ်။ တရုတ်-မြန်မာ ချစ်ကြည်ရေး ခိုင်မြဲဖို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်မှာ ဖြစ်တယ်။ ကျွန်မအနေနဲ့ မြန်မာ လူမှုအဖွဲ့အစည်းအတွက် တတ်အား သရွေ့ စွမ်းဆောင်သွားမှာဖြစ်တယ်။ အထူးသဖြင့်ပညာသင်ကြားရေးဘက်မှာ လှူဒါန်းမှုများ တတ်အားသရွေ့ ပြုလုပ်မှာ ဖြစ်ပါတယ်“ ဟု ပြောကြားခဲ့သည်။

အသက် (၈၆)နှစ် ရှိပြီဖြစ်သော ပေကျင်း နိုင်ငံခြားဘာသာ တက္ကသိုလ် အငြိမ်းစား ပါမောက္ခ ဆရာမကြီး ဒေါ်ဇင်ခိုင်သည် ၂၀၁၃ ခုနှစ်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ချီးမြှင့်သည့်် “သဒ္ဓမ္မ ဇောတိက ဓဇဘွဲ့“ ကိုရရှိခဲ့သည်။

ယင်းနှစ် မတ်လ ၃၀ ရက်နေ့တွင် “ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေ “ ကို ထူထောင်ခဲ့သည်။ ဆရာမကြီး၏ တပည့်များက “ဆရာမကြီးဒေါ်ဇင်ခိုင်ရန်ပုံငွေ“ ကို လှိုက်လှိုက်လှဲလဲှ အားပေး၍ ပူးပေါင်း ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံတွင် နေထိုင်သည့် တရုတ်လူမျိုးများကလည်း အလားတူ ပါဝင်ခဲ့သည်။

အသက် (၈၆) နှစ်ရှိပြီဖြစ်သော ဆရာမကြီးဒေါ်ဇင်ခိုင်၏ မျိုးရိုးဇာတိမှာ တရုတ်နိုင်ငံ ဖူကျင့်ပြည်နယ် ဖြစ်သည်။ ဆရာမကြီးသည် မြန်မာနိုင်ငံတွင် မွေးဖွား၊ မြန်မာနိုင်ငံတွင် ကြီးပြင်းကာ၊ ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ ရရှိခဲ့သည်။ ထို့အပြင် အဘိဓမ္မာသြင်္ဂိုဟ်(၉) ပိုင်းစာမေးပွဲကို အောင်မြင်စွာဖြေဆိုခဲ့ပြီး အောင်လက်မှတ်နှင့် ဆုတော်ငွေရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း ဆရာမကြီး ဒေါ်ဇင်ခိုင်သည် ရန်ကုန် နန်ယန် အလယ်တန်းကျောင်း တွင် ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ မြန်မာနိုင်ငံ ဖူကျင့် အမျိုးသမီး ဆရာအတတ်သင် ကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ဆရာမကြီးသည် ၁၉၆၅ ခုနှစ်တွင် တရုတ်ပြည် အစိုးရ၏ ဖိတ်ကြားချက်အရ မြန်မာဘာသာရပ် ကျွမ်းကျင်သူအနေဖြင့် တရုတ်နိုင်ငံသို့ ပြန်ရောက် ခဲ့သည်။

ထို့နောက် တရုတ်ပြည် နိုင်ငံခြားဘာသာဗျူရိုနှင့် ပေကျင်း နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ပါရဂူတာဝန် ထမ်းဆောင် ခဲ့သည်။ တရုတ်-မြန်မာ အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံ ပြည်သူများ ဆွေမျိုးပေါက်ဖော် မေတ္တာသံယောဇဉ် တိုးပွားရေးများကို ဆရာမကြီး ဒေါ်ဇင်ခိုင်သည် နှစ်ပေါင်း ၄၀ – ၅၀ အတွင်း မိမိအသိစိတ်ဓာတ်ဖြင့် စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သူမသည်အသက်အရွယ်ကြီးမြင့် ပြီးဖြစ်သော်လည်း နှစ်စဉ်နှစ်တိုင်း တရုတ်ပြည်နှင့် မြန်မာနိုင်ငံအကြား ကူးလူးသွားလာနေပြီး၊ တရုတ်-မြန်မာချစ်ကြည်ရေး အလုပ်ကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့သည်။ သူမသည် ယခုထက်တိုင် ပေကျင်းမြို့ မြန်မာပြည်ပြန် တရုတ်အမျိုးသား ဆုံဆည်းရေး အသင်း၏ ဥက္ကဌအဖြစ် ထမ်းဆောင်လျက်ရှိသည်။ (Xinhua)