Connect with us

Social

ရန်ကုန်-ပြည် လမ်းပိုင်းတွင် ပြေးဆွဲနေသော အမြန်ရထားများတွင် လေအိတ်ပါ စက်ခေါင်းနှင့်တွဲ အသစ်များ အစားထိုး စတင် ပြေးဆွဲ

ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က အစားထိုးပြေးဆွဲသည့် အမြန်ရထား စက်ခေါင်းအား အမွှေး နံ့သာရည်များဖြင့် ပက်ဖြန်းပေးနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်- ပြည်လမ်းပိုင်းတွင် ပြေးဆွဲ နေသော အမှတ် (၇၁) အဆန်၊ အမှတ်(၇၂) အစုန်လူစီး အမြန် ရထား များတွင် လေအိတ်ပါ စက်ခေါင်းနှင့် တွဲအသစ်များဖြင့် အစားထိုး၍ ယနေ့မတ်လ ၁၉ ရက်မှ စတင် ပြေးဆွဲ ခဲ့ကြောင်း သိရသည်။

ယခု ပြေးဆွဲသည့် ရထားတွဲဆိုင်းသည် စက်ခေါင်း (၁) ခေါင်း၊ ရိုးရိုးတန်း (၉) တွဲနှင့် ဘရိတ်တွဲ (၁) တွဲပါဝင်ပြီး ရိုးရိုးတန်း ၁ တွဲလျှင် ၆၈ ဦး စီးနင်းနိုင်ပြီး ၉ တွဲအတွက် ၆၁၂ ဦးနှင့် ဘရိတ်တွဲတွင် ၃၆ ဦး စုစုပေါင်း ၆၄၈ ဦးစီး နင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင် ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့နှင့် အတူ သက်ဆိုင်ရာ တာဝန်ရှိသူများ အမြန်ရထား စက်ခေါင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်နေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်-ပြည် လမ်းပိုင်းတွင် အစားထိုး ပြေးဆွဲမည့် အမြန်ရထား အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ယနေ့ပြုလုပ်ခဲ့သည့် ရထားစက်ခေါင်းနှင့် တွဲအသစ်များ အစားထိုး စတင် ပြေးဆွဲသည့် အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင် ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့နှင့် အတူ သက်ဆိုင်ရာ တာဝန်ရှိသူများသည် စက်ခေါင်းအား ဖဲကြိုးဖြတ်၍ အမွှေး နံ့သာရည်များဖြင့် ပက်ဖြန်းပေးပြီး ရန်ကုန် ဘူတာကြီးမှ ထွက်ခွာ သွားသည့် ရထားပေါ်မှ ခရီးသွား ပြည်သူများအား လက်ပြ နှုတ်ဆက်ခဲ့ကြသည်။

ယခု အစားထိုးစတင် ပြေးဆွဲသည့် အမြန်ရထားတွင် အသုံးပြုသည့် စက်ခေါင်းသည် Caterpillar အင်ဂျင် တပ်ဆင် ထားပြီး ကွန်ပျူတာနှင့် ထိန်းချုပ်စနစ် တပ်ဆင်ထားသည့် လေအိတ်ပါ ခေတ်မီစက်ခေါင်း ဖြစ်ပြီး လူစီးတွဲများသည် ခေတ်မီ လေအိတ် စနစ် တပ်ဆင်ထားသော (Air-Cushion) တွဲများ ဖြစ်ကြောင်း၊ တစ်တွဲနှင့် တစ်တွဲ ချိတ်ဆက်ရာတွင် ညင်သာသော တွဲချိတ်ဆက် စနစ် တပ်ဆင်ထားသဖြင့် လမ်းခရီးတလျှောက် ခရီးသည်များ ရထား ခုန်ခြင်း၊ ဆောင့်ခြင်း၊ လူးလွန့်လှုပ်ခါခြင်းများ အတွက် သက်သာစွာဖြင့် စီးနင်းနိုင် မည်ဖြစ်သည့် အပြင် ရထားတွဲများတွင် ခရီးသည်များ လုံခြုံရေး အတွက် CCTV Camera များ တပ်ဆင်ထားကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချေးငွေ အမေရိကန် ဒေါ်လာ ၉၁.၇၉ သန်းဖြင့် နည်းပညာ မြင့်မားသော စက်ခေါင်းသစ်နှင့် လူစီး တွဲသစ်များအား ပြည်တွင်းတွင် တည်ဆောက် ထုတ်လုပ်ရန် နေပြည်တော်၌ စက်ခေါင်းသစ် တည်ဆောက်ရေး စက်ရုံနှင့် မြစ်ငယ်၌ လူစီးတွဲသစ် တည်ဆောက်ရေးစက်ရုံတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ CMC ကုမ္ပဏီ နှင့် ၂၀၁၃ ခုနှစ် မှ စ၍ တည်ဆောက် အကောင် အထည် ဖော်လျက်ရှိကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချေးငွေဖြင့် လူစီးတွဲ တည်ဆောက်ရေး စက်ရုံ စီမံကိန်းမှ လေအိတ် ဘိုဂီပါ တွဲသစ်များနှင့် စက်ခေါင်းများအား တရုတ်နိုင်ငံ၌ အပြီးအစီး ဆောက်လုပ်၍ မြန်မာ့ မီးရထားတွင် အသုံးပြုရန် စီစဉ်ခဲ့ပြီး ယခု အခါ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ်(၅) အဆန် ၊ (၆) အစုန် အမြန် ရထားတွင် အစားထိုး လဲလှယ် ပြေးဆွဲပေးလျက် ရှိနေပြီး စီးနင်းသူ ခရီးသည်များ ကျေနပ် သဘောကျမှုများ ရှိကြောင်း မြန်မာ့ မီးရထားမှ သိရသည်။ (Xinhua)